Monday, June 28, 2010

ကြက်ခြေထောက်ပေါင်း၊ကိုးရီးယားထမင်းသုပ်နှင့်ကြေးအိုးဆီချက်

တခါတလေ ဟို..ငယ်ဘ၀ကိုလွမ်းမိတိုင်း ကြက်ခြေထောက်ကို မောင်နှမတွေလုပြီး ကိုက်စားခဲ့ကြတာကို အမှတ်ရနေမိတယ်။ ကြက်တကောင်လုံးချက်မှ ကြက်ခြေထောက်က နှစ်ချောင်းပဲဆိုတော့ လုစားဖြစ်ပြီပေါ့။ အခုတော့ လုစားဖို့မလိုတော့ဘူး.... ကြက်ခြေထောက်ကို ကီလိုလိုက်ဝယ်ပြီးချက်စားလိုက်ရုံပဲ။ လုစားစရာမလိုတော့လဲ အရသာက တမျိုးလိုနေသလိုပါ။ ကြက်ခြေထောက်စားရင် အထူးသတိနော်..။ မိသားစု(သို့)တစ်ယောက်တည်းစားတာ ပိုကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေကိုအားနားလိုပါ။ လက်နဲ့အားရပါးရစားရမှာမို့လေ။ မကျွေးချင်လို့တော့လုံးဝ မဟုတ်ဘူးနော်။ တချို့လူတွေက ကြက်ခြေထောက်ကို စားဖို့ကြောက်ကြတယ်လေ။ ကဲ...အပိုတွေမပြောတော့ဘူး.. ချက်နည်းလေးပြောပြထားတယ်။ အောက်ဆုံးမှာ သွားဖတ်နော်။

ဒါက.. ဂျာမုန်းလုပ်တဲ့ ကြေးအိုဆီချက်ခေါက်ဆွဲပါ။ ၀က်သားနဲ့နော်။ ၀က်သဲကိုပါ ကြော်ထည့်ထားတာနော်။ စားကြည့်..အားရှိ အရသာတကယ်ကိုကောင်းနော်။

ဒါက...ကိုးရီးယားထမင်းသုပ်တဲ့။ ဂျာမုန်းရဲ့ညီမလေး အိမ်ကိုလာလည်ရင်း လာသုပ်ကျွေးတာပါ။ စားလို့အရမ်းကိုကောင်းတယ်။ ထမင်းသုပ်ထဲမှာပါတာကတော့ အစုံပါပဲ။ မှိုခြောက်၊ပန်းခြောက်၊ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ ကင်ချီ၊ မုန်လာဥနီ၊ ရှပီးနပ်ရွက် တို့ကို ပါးပါးလှီးထည့်ရတယ်။ ကြက်ဥကိုတော့ ဟတ်ဘွယ်ကြော်ထည့်တယ်။ ပြီးရင်တော့ ကိုးရီးယားအစပ်ဘူးထဲက အစာပလာတွေထည့်ပြီး ရောလိုက်တာပါပဲ။ လုပ်စားကြည့်နော်။

ဒါက.. ကြက်တောင်ပံကြော်ပါ။

ဒါက စပါကတီခေါက်ဆွဲသုပ်ပါ။


ကဲ....ဒီမှာ... ကြက်ခြေထောက်ပေါင်းနည်းနော်။
ကြက်ခြေထောက်ပေါင်းအတွက် လိုအပ်တာတွေက

ကြက်ခြေထောက် ၁ ကီလို
ကြက်သွန်နီဥကြီးသုံးဥ
ချင်းငါးကျပ်သား
မုန်လာဥနီအနည်းငယ်
ကြက်သွန်ဖြူ ၂ဥလောက်ကိုအလုံးလိုက်နွာထား
ငရုတ်သီးအပွအနည်းငယ်ကို ရေစိမ်ထား
ဆီအနည်းငယ်
ပဲငံပြာရည်
ခရုဆီ
တရုတ်ဟင်းမွှေးမတ်စလာ(စောင်ကော်၊ပါးကော်)
ဆား၊ အချိုမုန့်
နံနံပင်တို့ လိုအပ်ပါတယ်။


ပြုလုပ်ပုံအဆင့်ဆင့်

ကြက်ခြေထောက်တွေကိုရေဆေးပြီး ခြေထောက်ထိပ်ဖြားတွေကိုဖြတ် ချက်မိအိုးထဲထည့်မယ်။ ပြီးနောက် ဆား၊ အချိုမုန့်၊ ပဲငံပြာရည်၊ တရုတ်ဟင်းမွှေးမတ်စလာ၊ ဆီအနည်းငယ်၊ခရုဆီ တို့ကိုထည့်ပြီး အိုးကိုအဖုံးပိတ်ပြီး သမသွားအောင် လက်နှစ်ဖက်နှင့် နာနာလှုပ်ခါပေးပါ။ အားလုံးသမသွားပြီဆိုရင် နယ်ထားပြီးကြက်ခြေထောက်ပေါ်တွင် ကြက်သွန်နီကို အလုံးကြီးက နှစ်ခြမ်းခြမ်းထည့်၊ အလုံးသေးက အလုံးလိုက်ကိုအသာလေတင်ထားမယ်။ ကြက်သွန်ဖြူကိုလည်းအလုံးလိုက်၊ ချင်းကိုပါးပါးလှီးပြီးတင်မယ်။ မုန်လာဥနီကို ရေဆေးပြီးအလုံးလိုက်တင်မယ်။ နံနံပင်ကိုရေဆေးပြီး အပင်လိုက်အုပ်လိုက်ပါ။ စိမ်ထားတဲ့ ငရုတ်သီးအပွကိုလည်းအပေါ်မှာတင်ထားမယ်။ ပြီးတော့ ရေအနည်းငယ်ထပ်ထည့်ပါ။ အားလုံးပြီးပြီဆိုရင် အိုးအဖုံးကိုပိတ်ပြီး မီးဖိုပေါ်မီးပြင်းပြင်းနဲ့ တင်ထားလို့ရပါပြီ။ ကြက်ခြေထောက်တွေနူးသွားပြီ ဆိုရင်မီအရှိန်လျော့ပြီး ခဏလေး ဆက်တင်ထားမယ်။ အရသာလေးမွှေးပြီးစားချင်စိတ်တွေ ထိန်းမရဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပိုပြီးကောင်းအောင် ခဏလေးတော့ ဆက်စောင့်နော်။ စောင့်နေချိန်မှာကြက်ခြေထောက်ပေါင်းနှင့်တွဲစားဖို့ သခွားသီးကိုပါးပါးလှီးထားမယ်။ မန်ကျည်းမှည့်အချဉ်ရည်ကို စပ်စပ်လေးလုပ်ထားမယ်။ စားဖို့ပြင်တော့မယ်ဆိုရင် ပန်းကန်လုံးထဲတွင် ကြက်ခြေထောက်ပေါင်းကိုအသာလေး ခတ်ထည့်နော်။ ပန်းကန်ဘေးနားမှာ လှီးထားတဲ့သခွားသီလေးကို စီပြီးထည့်နော်။ အပေါ်မှာနှံနံပင်လေးအုပ်ပေးနော်။ ကဲ အချဉ်ပန်းကန်လေးကို ယူပြီးအားရအောင်စားပေတော့။
ရှလွတ်...ရှလွတ်....ထူးရှယ်အရသာ.. တကယ်ကိုကောင်း။

လာရောက်အားပေးကြတဲ့ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
ဂျာမုန်းဒန်

Type rest of post here

6 comments:

  1. အင်း စားချင်စရာတွေကြီးပဲ အစ်မဂျာမုန်းရေ... ပို့စ်ကို ကူးသွားပါတယ် အိမ်ကမိန်းမကိုချက်ခိုင်းမလို့ ဟိဟိ

    ReplyDelete
  2. I know how taste your curry.
    All are very nice.

    ReplyDelete
  3. ကြက်ခြေထောက်ပေါင်းလုပ်တာ သေချာဖတ်နေ၇င်း တံတွေးတောင် မြိုလိုက်တာ ဂလုနဲ့ မြည်သွားတယ်
    တကယ် လုပ်စားမှာ.. စိတ်ချ
    သိပ်ကောင်းမဲ့ပုံဘဲ.. ကြက်ခြေထောက်က နဂိုထဲက သိပ်ကြိုက်တာ အစ်မရေ
    ကျေးဇူး

    ReplyDelete
  4. ဟုတ်ပါ့ခင်ဗျာ..မချောပြောသလို ဂလု လို့တောင်
    မြည်သွားတယ်...း)
    ပျော်ပါစေ အစ်မရေ

    ReplyDelete
  5. ဂျာမုန်းရေ့ 
    မလုလည်း ကြက်ခြေထောက်ကြိုက်တယ်။ ဂျာမုန်းချက်ထားတာတွေ အ၀စားသွားပါတယ်နော်။
    သားသားလေးရော စကားတွေ တီတီတာတာ ပြောတတ်နေပြီလားနော်။
    ဂျာမုန်းတို့မိသားစုကို ဘုရားသခင်ကောင်းချီးပေးပါစေနော်။
    ချစ်တဲ့
    မမလု

    ReplyDelete
  6. ကံဆိုးချင် တော့ ဗိုက်ဆာနေတဲ့ အချိန်မှ လာကြည့်မိတယ်။ :))

    ReplyDelete