Friday, March 19, 2010

လွမ်းနေအုံးမယ်...ဆွတ်ဇလန်တောင်တန်းကြီးရေ (အပိုင်း၁)



ဘ၀မှာ အလှဆုံး နေရာလေးတစ်ခုကို ရောက်ခဲ့ဖူးတယ်။
လောကမှာမဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားက..တကယ့်ကိုမှန်ပါပေတယ်။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်မထားဘဲရောက်ရှိသွားခဲ့တဲ့ ဆွတ်ဇလန်နိုင်ငံကြောင့်ပါပဲရှင်။ အစတော့..ဂျာမုန်း ဆွန်ဇလန်ကိုသွားဖို့…စိတ်ကူးလုံးဝမရှိပါ။…ဂျာမုန်းနဲ့တစ်မြို့တည်းအတူနေတဲ့ ညီမလေးက…”အစ်မရေ…ဆွတ်ဇလန်သွားရအောင်..ဆွတ်ဇလန်ရဲ့နှင်းတောင်တန်းရှုခင်းတွေဟာ ဘယ်ပန်းချီကားနဲ့မှနိုင်းလို့မရဘူးနော်..အရမ်းကိုလှတာတဲ့။’’ ဂျာမုန်းစိတ်ထဲမှာ နှင်းတောင်ကတော့ ဒို့..ကလောစတယ်လ်မြို့မှာ..အမြဲမြင်နေရတာပဲလေ...ထူးဆန်းမှာမဟုတ်ဘာဘူး.. ဆိုပြီး ပြန်ပြောလိုက်တယ်။ နောက်ဆုံး..ညီမလေးက..ဘယ်လိုပဲဆွဲဆောင်ဆွဲဆောင် မရတော့တဲ့ အဆုံးမှာတော့ ….ဆွတ်ဇလန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ (Shadows of the Past) အတိတ်ရဲ့အရိပဆိုတဲ့ မြန်မာရုပ်ရှင်ကား ကြော်ငြာ လင့်လေးကိုပို့ပေးလိုက်တယ်။ ဒီလင့်လေးကိုဖွင့်ကြည့်နော်။

အဲဒီကြော်ငြာကို ဖွင့်ကြည့်လိုက်တော့မှ…ဆွတ်ဇလန်ကိုသွားလည်ချင်စိတ်…တားလို့မရအောင်ပင် ဖြစ်ခဲ့ပါသည်။ နောက်ပြီး အူဝဲလေး အိန္ဒြာကျော်ဇင်နဲ့ မင်းသားအောင်သူရတို့ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ နေရာလေးတွေကို အပြင်မှာကိုယ်တိုင်ရောက်ဖူးချင်၊မြင်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ဆွတ်ဇလန်နိုင်ငံကို သွားလည်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီခရီးစဉ်လေးအတွက် ညီမလေးကိုကျေးဇူးတင်တယ်နော်။ အစစအရာရာ ကူညီပေးတဲ့ Kaiserslautern က မောင်လေးဆရာသမားကိုလည်း ကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်။

ဆွတ်ဇလန်နိုင်ငံဟာကမ္ဘာ့အချမ်းသားဆုံးနိုင်ငံများထဲမှာပါဝင်တယ်လို့သိခဲ့ရတယ်။ ဒါကြောင့်ဲတခြားနိုင်ငံတွေကိုလည်ဖူးတာထက် ဒီနိုင်ငံလေးဟာ တမူထူးခြားဖြစ်နေတာတော့ အမှန်ပင်။EU နိုင်ငံဖြစ်ပေမယ့် Euro ကိုမသုံးပါ။ Euro ကို Swiss Franc လဲပြီးသုံးရပါတယ်။ တော်သေးတယ် ယူရိုတစ်ကျပ်ကို swiss franc ငွေတစ်ကျပ်ခွဲလောက် လဲလို့ရလို့လေ။ အဟဲ..ဟုတ်ပြီ.ဒို့သုံးယောက်က.ယူရိုလဲပြီး.ဈေးဝယ်ထွက်မယ်ပေါ့။ ဈေးဆိုင်တွေကို လျှောက်ပတ်ကြည့်ကြတယ်….ဈေးတွေကကြီးလိုက်တာ……အားလုံး ယူရို ၂၀ အထက်မှာ ပဲရှိနေတယ်။ ဒါကြောင့်ဈေးဝယ်ဖို့ကိုတော့ လက်လျော့ထားလိုက်ကြတယ်လေ။ နောက်ဆုံးနေ့မှာတော့ အမှတ်တရအနေနဲ့ ဆွတ်ဇလန်မှာနာမည်ကြီးတဲ့ လက်သည်းညှပ်လေးကို ရောဖေါအတွက်လက်ဆောင် ၀ယ်ပေးခဲ့တယ်။
နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်နေထိုင်တဲ့နေ့ရက်အပေါ်မူတည်ပြီး Citytax ကိုပါထပ်ပေးရသေးတယ်။ သိပ်တော့မများဘာဘူး..လူတစ်ယောက်အတွက် တစ်ရက်ကို ယူရို နှစ်ကျပ်ခွဲပါ။ ပထမတော့ဘယ်သိမလဲ။ ဟိုတယ်အခန်းခအတွက်ငွေရှင်းတော့မှသိရတယ်။

ကဲ...ချစ်မိတ်ဆွေတို့...ဆွတ်ဇလန်နဲ့ပတ်သက်ပြီး အကုန်အကျ၊ ငွေလဲနုန်း၊ လမ်းပန်းဆက်သွယ်ရေး၊တခြားအချက်အလက်ကိုသိလိုပါက.. .ဒီလင့်လေးထဲမှာ ၀င်ကြည့်လို့ရတယ်နော်။
ဒါက.... ဂျာမုန်းတို့တည်းခဲ့တဲ့ဟိုတယ်ပါ။
ဒီဟိုတယ်ဟာ ဇူးရစ်မြို့ရဲ့အလည်ဗဟိုမှာတည်ရှိနေတာကြောင့် သွားရလာရတာအဆင်ပြေတယ်။ ရထားဘူတာနဲ့လည်းနီးတယ်လေ။ ဈေးကလည်းအတင့်တင့်ပါပဲ။ တစ်ရက်ဆိုရင်..တစ်ယောက်ကို ယူရို၃၅ကျပ်လောက်ကျတယ်။လိပ်စာအပြည့်အစုံထည့်ပေးလိုက်တယ်။ သွားလည်မယ့်မိတ်ဆွေအတွက်ပေါ့။
(GAHO Betriebs AG
HOTEL WELCOME INN
Holbergstrasse 1
CH-8302 Kloten Tel: +41 448047575)

ဒါကတော့...မနက်စာပါရှင်။မနက်စာကို....ဟိုတယ်မှာစားလို့ရတယ်။ ဘူဖေးစတိုင်လ်လုပ်ထားပေးတယ်။ ဒါပေမယ့် ဈေးကတော့မနည်းဘူး။ မနက်စာအတွက် ၁၅ ယူရိုထပ်ပေးရတယ်။

ဒါကတော့ ဆွတ်ဇလန်က Swiss Franc ငွေဖြစ်ပါတယ်။ Swiss Franc ငွေ ၂၀ တန်ပါရှင်။
ဒီပုံကတော့ ဇူးရစ်မြို့ စက်မှုတက္ကသိုလ်ကျောင်းပေါ်ကနေ တွေ့မြင်ရတဲ့ ဇူးရစ်မြို့ရဲ့ရှုခင်းတစ်နေရာပါ။

Rigi တောင်တန်းပေါ်တက်ခြင်း
၁၃.၃.၂၀၁၀ စနေနေ့မှာ မနက် စောစော Rigi တောင်ကိုတက်ဖို့ သုံးယောက်သား အားအင်အပြည့်နဲ့ပေါ့ကွယ်။ရီဂီတောင်ဟာ အမြင့်ပေ ၆၀၀၀ နီးပါးမြင့်ပါတယ်။ ဒီလောက်မြင့်မားတဲ့ တောင်ထိပ်ကို တက်ဖို့ကတော့ စိတ်ပူနေစရာမလိုပါ။ တိုးတက်ပြီးချမ်းသာတဲ့နိုင်ငံဆိုတော့ ရထားလေးစီးပြီးတက်လိုက်ရုံလေးပါ။ မိနစ်၄၀ အတွင်း လေဟုန်စီးပြီး တောင်ထိပ်ကို ရောက်သွားတာပဲ။ အခု မြေပုံမှာတွေ့နေရတဲ့ ညာဘက်အခြမ်းက အမြင့်ဆုံးတောင်ထိပ်ကို အရင်ရောက်သွားတယ်။ အဲဒီတောင်ထိပ်ကိုတော့ Rigi Kulm လို့ခေါ်ကြတယ်။ တောင်ထိပ်ဖြစ်ပေမယ့်..စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ လဲရှိတယ်။
ဒီနေရာလေးမှာ ဓါတ်ပုံတွေ ရှယ်ရိုက်ခဲ့ကြတာပေါ့။ တစ်ယောက်ကို အပုံ၈၀ လောက်တော့ရှိမယ်ထင်တယ်။Rigi Kulm ပေါ်သုံးနာရီလောက်နေပြီး Staffel ဆိုတဲ့ နေရာကိုပြန်ဆင်းလာကြတယ်။ ပြီးတော့တောင်ထိပ်ပေါ် လမ်းလျှောက်ကြတယ်။ လမ်းလျှောက်တဲ့အနီးတ၀ိုက်မှာတော့ နှင်းလျှောဆင်းတဲ့ ကလေးတွေနဲ့ ထိပ်တိုက်တွေ့ပြန်ရော။ သူတို့ကိုကြည့်ရတာ အသဲယားလိုက်တာရှင်။ ဒါပေမယ့် သူတို့ကတော့ ပိုင်ပိုင်နိုင်နိုင်စီးနိုင်ကြတယ်လေ။ ပြီးတော့ ဟို...မြေပုံရဲ့ဘယ်ဘက်တောင်အောက်မှာတွေ့ရတဲ့ Vitznau ဆိုတဲ့ ရေကန်နားကိုရထားနဲ့ ပြန်ဆင်းကြတယ်။ ရေကန်နားတစ်လျှောက် ဓါတ်ပုံတွေရိုက်ကြတယ်။ သင်္ဘောစီးချင်တဲ့သူလည်း သင်္ဘောစီးကြပေါ့။ ပြီးတော့ တောင်ထိပ်နားအထိ ရထားနဲ့ပြန်တက်ပြီး ညနေ၂ နာရီလောက်မှာမှ Zurich မြို့ကိုပြန်လာခဲ့ကြတယ်။ တောင်တက်ရတယ်ဆိုပေမယ့် သိပ်မပင်ပန်းခဲ့ဘူး။ ရထားနဲ့ဆိုတော့လေ။
ဘ၀မှာ အလှဆုံး ဒီနေရာလေးကို ရောက်ခဲ့ဖူးတယ်ပေါ့။ ဘ၀မှာ လူဖြစ်ရကြိုးနပ်ပြီပေါ့ကွယ်။
အဲဒီနေ့တော့ ကျေနပ်စရာနေ့လေးတစ်နေ့ပေါ့။
ဘုရားကိုသိပ်ကျေးဇူးတင်မိတယ်။
ဘုရားသခင်ပို့ဆောင်ပေးလို့သာ ဒီနေရာလေးကို ရောက်ခဲ့တာပါ။

မြန်မာပြည်က ဇွဲကပင်တောင်
ဒီRigi တောင်ကိုတက်ခဲ့တုန်းက မြန်မာပြည်တုန်းက ကရင်ပြည်နယ် ဇွဲကပင်တောင်ကို ပြေးပြီးသတိရမိတယ်။ ဇွဲကပင်တောင်ကို ဂျာမုန်းကိုယ်တိုင်တက်ခဲ့ဖူးတယ်။ ဇွဲကပင်တောင်ဟာ အမြင့်ပေ ၇၀၀၀ မြင့်တယ်။ ဒီ ရီဂီတောင်ထက် အမြင့်ပေ၁၀၀၀ ပိုမြင့်တာပေါ့။ ဒါကိုစဉ်းစားပြန်တော့ ဒို့မြန်မာပြည်လည်း ဒီနိုင်ငံတွေနဲ့ အလှချင်းယှဉ်ပြိုင်လို့ရသွားပြီပေါ့။ ဇွဲကပင်တောင်ကို လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက်က တက်ခဲ့ပေမယ့် ခုထိမျက်စိထဲ မြင်ယောင်နေဆဲပါ။ အဒေါ်တစ်ယောက်ရယ်၊ ဦးလေးတစ်ယောက်ရယ် ဂျာမုန်းနဲ့ဆို သုံးယောက်ပေါ့။တောင်အောင်ကနေ တောင်ထိပ်ကိုတက်ဖို့ ၃ နာရီကြာတယ်။ ဒါတောင် မနားပဲဆက်တိုက်တက်မှနော်။ တောင်ထိပ်ရောက်တော့ ပင်ပန်းလွန်းလို့ သယ်လာတဲ့မုန့်ထုပ်တွေ၊ ငှက်ပျောသီးတွေကို အောက်ချပြီး ဇရပ်မှာ သုံးယောက်သားခဏမိန်းနေရင်းအိပ်ပျော်သွားကြတယ်။ ဗိုက်ဆာပြီးပြန်နိုးလာတော့ အနားမှာထားထားတဲ့မုန့်ထုပ်တွေမရှိတော့ဘူး။ ဟာ....သွားပြီး ဘယ်ရောက်သွားပါလိမ့်ပေါ့.. အနီးနားမှာကြည့်လိုက်တော့ ဂျာမုန်းတို့မုန့်ထုပ်တွေကို မျောက်အုပ်စုတွေ ဝေစား၊ မျှစား လုပ်နေကြတာကို တွေ့လိုက်တယ်။ မျောက်မကြီး ကိုင်ထားတဲ့ မုန့်ထုပ်အိတ်ကြီးကို ပြန်ကြည့်လိုက်တော့ မုန့်တွေ ၄....၅ ခုကျန်သေးတာတွေ့တော့ ဦးလေးကြီးကို ပြန်လုခိုင်းတာပေါ့။
ဗိုက်ကလည်းအရမ်းဆား..၀ယ်စားဖို့ဆိုင်လည်းမရှိတော့လေ။ ဦးလေးကြီးကလည်း မျောက်မထံအတင်းပြန်သွားလုတော့ မျောက်မကြီးက ဦးလေးရဲ့မျက်နာကို ကုတ်ထဲ့ ပလိုက်တယ်။ နောက်ဆုံးတော့ မုန့်ထုပ်ကိုမရတော့ပဲ...စားပြနေကြတဲ့ မျောက်အုပ်စုတွေကိုကြည့်ပြီး တံတွေးမြိုချခဲ့ရတယ်။ အဲဒီနေ့ တစ်နေ့လုံး ရေသောက်ပြီး တောင်အောက်ကိုပြန်ဆင်းခဲ့ရတယ်။ နောက်နေ့မနက်တော့ မထနိုင်တော့ဘူး..လူတစ်ယောက်ယောက်က ကိုယ့်ကို တစ်ကိုယ်လုံး ရိုက်ပုတ်ထားသလိုခံစားခဲ့ရတယ်။ အဲဒီနောက်တော့.... နောက် ၂ ပတ်လောက်အထိ လမ်းမလျှောက်နိုင်ပဲဖြစ်သွားခဲ့ရတာပေါ့။



ဒါကရီဂီရဲ့ တောင်မြေပုံပါ။


ဒါကတော့ ရီဂီတောင်ထိပ်ကို တက်တဲ့ ရထားပါရှင့်။ ဂျာမုန်းတို့လည်းဒီရထားကြီးနဲ့တက်တာပါ။


တောင်ထိပ်ပေါ်မှာနှင်းလျှောစီးဖို့အတွက်....ပြင်ဆင်နေကြတဲ့..မြင်ကွင်းတစ်ခုပါ။ ကလေးလေးတွေနှင်းလျှောစီးဆင်းလာတာကို....ကြည့်ပြီး...အသဲယားလိုက်တာ။ သူတို့ကိုကြည့်ရတာကြောက်ပုံ မပေါ်ပါဘူး။

ရီဂီတောင်ထိပ်ပေါ်မှာဆောက်ထားတဲ့ အဆောက်အဦးပါ။
တောင်ထိပ်ပေါ်ကရှုခင်း
စကိတ်စီးပြီမောရင် နားလို့ရတဲ့ အိမ်လေးပါ။

တောင်ပေါ်က အိမ်လေးပါ။
ဒါကတော့ Rigi Kulm ပေါ်ကစားသောက်ဆိုင်တန်းတွေပါ။


Rigi တောင်ပြန်လာပြီး..အဲဒီညနေမှာ Tango အကသွားကြည့်ဖို့ ည၈နာရီမှာ အတိတ်ရဲ့အရိပ်ရုပ်ရှင်ဇတ်ကားထဲက မင်းသားအောင်သူရနဲ့ ဇူးရစ်ဘူတာမှာချိန်းလိုက်ကြတယ်။ မင်းသားကလည်းဗမာစကားကို မွတ်အောင်ပြောတတ်တော့ အရမ်းကိုအဆင်ပြေပါတယ်။ မင်းသားကဆွတ်ဇလန်နိုင်ငံသားဖြစ်ပေမယ့် မြန်မာကိုချစ်တဲ့စိတ် ကိုတော့ တကယ့်ကိုလေးစားမိပါတယ်။ မြန်မာမိခင်တစ်ယောက်ရဲ့ သားဆိုတာထက်...မိခင်ကလည်း အင်မတန်ကိုတော်နေလို့ဖြစ်မယ်။..စိတ်ထားလည်းအင်မတန်ကောင်းတယ်။ ဆွတ်ဇလန်နိုင်ငံရောက်တော့ မြန်မာတစ်ယောက်နဲ့ ရင်းနှီးခွင့် ရသလိုခံစားရတယ်။ ဒို့အဖွဲ့ကို အစစအရာရာကူညီလမ်းပြပေးခဲ့တယ်လေ။


ဒါကတော့ ဂျာမုန်းတို့သွားခဲ့တဲ့ Tango ကပွဲလေးပါ။ ၀င်ကြေးတော့ တစ်ယောက်ကိုSwiss franc 20 ပေးရတယ်။ 20 franc ပေးရတယ်ဆိုပေမယ့် တန်ပါတယ်။ တွေ့ဖူးမြင်ဖူးသွားတာပေါ့။ မင်းသားကိုယ်တိုင်လည်း ကပြတာကို မြင်ခွင့်ရခဲ့တယ်။

Tango ကပွဲမှာတော့ ခုံလေးမှာဝိုင်းထိုင်ကြတယ်။ အလယ်မှာတော့ ကချင်တဲ့လူထကပေါ့။ ဂျာမုန်းတို့ကတော့ မျက်စိအစာကျွေးရုံပဲပေါ့။ ကမှမကတတ်တာကိုး..။ သင်ရင်တောင် ကတတ်မှာမဟုတ်ဖူး တော်တော့ကိုခက်တာ။

အဲဒီနေ့လေးရဲ့..ပျော်ရွှင်မှုဟာ ဘာနဲ့မှနိုင်းလို့မရပါ။
လွမ်းနေအုံးမယ်....ဆွတ်ဇလန်တောင်တန်းကြီးရေ...အပိုင်း(၁) ပြီး၏

ကြွရောက်အားပေးကြသူအပေါင်းရွှင်လန်ချမ်းမြေ့ကြစေသား။
ဆုမွန်ကောင်းတောင်လျှက်
ဂျာမုန်းဒန်


Type rest of post here

9 comments:

သူရဲကောင်းကြယ် said...

ခုမှပဲ ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရတော့တယ်။ အစ်မ ဂျာမုန်းရဲ့ သရုပ်ဖော်ရေးဖွဲ့မှုက ရသမြောက်ပါပေတယ်။ စာဖတ်သူတွေ ကိုယ်တိုင်ရောက်သွားသလို ခံစားရစေတယ်လေ။ တလှေတည်းစီး တစ်ခရီးတည်း သွားခဲ့ရဖူးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါနဲ့ ဆို ဒုတိယအကြိမ်ပေါ့နော်။

လင်းကြယ်ဖြူ said...

ပျော်စရာကောင်းလိုက်တာနော်...း )
*.*.*

ပွင့်မြုးဇင် said...

နှင်းတွေကအများကြီးပဲ.. ပျော်စရာကြီး..

rose of sharon said...

ပျော်စရာကြီးနော်... ပုံတွေကြည့်ပြီးလိုက်ပျော်သွားတယ်

မင်းညို said...

လွတ်လွတ်လပ်လပ် အနုပညာနယ်မှာ လှုပ်ရှားချင်လို့ စာချုပ်ချုပ်မထားဘူးလို့သိရတယ်...စာနယ်ဇင်းလောကက ထွက်နေတဲ့ သတင်းတွေ ဟုတ်ပါသလား..မင်းသားနဲ့ နောက်ထပ်ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွေ ရှိပါသေးလား...

စန္ဒကူး said...

အရမ်းလှတာဘဲ မမဂျာမုန်းရေ..
မရောက်ဖူးပေမယ့် ပုံလေးတွေနဲ့တင် ကျေနပ်ပါပီ။
မမလဲနောက်ဆိုအကသင်ထားနော်.. ၀င်ကလို့ ရအောင်း)

ဆောင်းနှင်းရွက် said...

ပျော်စရာကြီးးး ..!

အဲ့လို နှင်းတောင် ပေါ်တွေ
အရမ်းသွားချင်တာပဲ ...
နှင်းလျှော လည်း စီးတတ်ချင်တယ် ..

jr.lwinoo said...

အိုး နှင်းတွေ...
နောက် တန်ဂို အက။

Flower said...

မမရေ
ဘ၀မှာ အခွင့်အရေးရရင် အသွားချင်ဆုံးနေရာက ဆွဇ်ဘဲသိလား
ဒါပေမဲ့ ဘယ်တော့မှ ရမယ်မထင်တဲ့အခွင့်အရေးကြောင့် မမရေးတဲ့ပိုစ့်လေးကို သေသေချာချာဖတ်လို့
ပုံတွေကို အထပ်ထပ်ကြည့်သွားမိပါတယ်..
ကျေးဇူးအများကြီးတင်ပါတယ်.. နော်
ထပ်လာကြည့်ပါဦးမယ်