Tuesday, November 23, 2010

"Shat Jam" လို့ခေါ်တဲ့ကချင်ရိုးရာဒံပေါက်ထမင်းနယ်


ဒါက Shat Jam လို့ ခေါ်တဲ့ကချင်ရိုးရာဒံပေါက်ထမင်းနယ်ပါ။
မိတ်ဆွေများကို ဒီနေ့တော့ အထူးအဆန်းလေးဖြစ်အောင် Shat Jam လို့ခေါ်တဲ့ ကချင်ရိုးရာဒံပေါက်ထမင်းနယ်လေး လုပ်ကျွေးလိုက်ပါတယ်။ ဒီ Shat Jam ထမင်းနယ်ဟာ ကျမတို့ကချင် လူမျိုးတွေအတွက် အထူးမြတ်နိုးဖွယ် ရိုးရာအစားအစာတစ်ခုဖြစ်တယ်။ ဒီထဲမှာ ထည့်ရတဲ့ အစာပလာတွေကလည်း များတယ်လေ။ ဒါကြောင့် သိပ်မလုပ်စားဖြစ်ဘူး။ အခုတော့ မြစ်ကြီးနားက အစ်မတစ်ယောက် အစားအသောက်လက်ဆောင်ပို့ပေးတဲ့အထဲမှာ မှိုကပ်ခြောက်ပါနေတာကြောင့် စိတ်ကူးရပြီး လုပ်စားဖြစ်သွားတာပါ။ မိတ်ဆွေတို့လည်း မြည်းကြည့်နော်။

"Shat Jam" ပြုလုပ်နည်းအဆင့်ဆင့်နော်

လုပ်အပ်တဲ့ပစ္စည်းတွေ။
၁။ ကြက်သား၊ အမဲသား(သို့) ၀က်သား တစ်မျိုးမျိုး။
၂။ ဆန် (ဂျပ်စမင်းဆန်(သို့)ဘတ်စမာတီဆန်) ဆန်ပျော့ကောင်းကောင်းဆိုရတယ်။
၃။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ သကြားအနည်းငယ်၊ ဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်။
၎။ မှိုကပ်ခြောက်၊ မျှစ်ချဉ်ချို နှင့် အခြားအမွှေးအကြိုင်အရွက်၊ ဥပမာ ပင်စိမ်း၊ ဖက်ဖယ်။ မရှိကမထည့်လဲရတယ်။

ကဲ့ စလိုက်ကြရအောင်။
ပထမဆုံး ဆန်ကိုရေဆေးပြီးပေါင်းအိုးဖြင့် မိမိလိုအပ်သလောက်ပေါင်းထားပေးပါ။ ဖြစ်နိုင်ရင် ကောက်ညှင်းပေါင်းသလို ဆန်ကိုပေါင်းရပါမယ်။ ဂျာမုန်းကတော့ ဂျပ်စမင်းဆန်တ၀က်၊ ဘတ်စမာတီတ၀က်ဆီ ထည့်ချက်ပါတယ်။


ဂျာမုန်းကကြက်သားနဲ့ လုပ်တာပါ။ ကြက်သားကို ရေဆေးပြီး ပြုတ်မဲ့အိုးထဲထည့်တယ်။ ဆား၊သကြား၊ ကြက်သားမှုန့်အနည်းငယ်၊ ဂျင်းကိုဒါးပြားရိုက်ထည့်၊ ကြက်သွန်ဖြူ၂ဥကိုဒါးပြားရိုက်ထည့် ပြီး ရေအနည်းငယ်ထည့်တယ်။ ပြီးတော့ရေခန်းအောင်ချက်လိုက်တယ်။ ရေခန်းလျှင်ကြက်သားကိုဆယ်ယူပြီး လက်ဖြင့် အသားချောင်းလေးတွေဖြစ်အောင် မွလိုက်တယ်။


ဒါက မှိုကပ်ခြောက်ပါ။ သစ်ပင်တွေပေါ်မှာပဲပေါက်ပါတယ်။ ဒါကတော့ ကချင်ရိုးရာထမင်းနယ်အတွက် မပါမဖြစ်တဲ့ အရာပေါ့။ ဒါကိုရေစိမ်လိုက်ရင် ပွလာမယ်။ ပြီးရင် ရေးဆေးပြီး ဆီအနည်းငယ်နဲ့ ခြောက်ခြောက်လေး ကြော်ထားမယ်။ ကြော်တဲ့အချိန် ဆားထည့်ပါမယ်။


ဒါကမျှစ်ချဉ်ကိုပါးပါးလှီးပြီးခြောက်ခြောက်လေးကြော်ထားတာပါ။ ဒီဘက်ကတော့ ကြက်သွန်နီးပါးပါးလှီးပြီးကြော်ထားတာပါ။ ကြက်သွန်ဖြူကိုပါ နုတ်နုတ်စဉ်းပြီးဆီသပ်ထားပါမယ်။


ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့ အစာပလာတွေကို စုံအောင်ပြင်ဆင်ထားပြီးပါပြီ။ အရွက်တွေက မစုံလို့ ရှိတာလေးနဲ့ပဲ ပြင်ဆင်ထားတာပါရှင်။ ကဲ....အခုတော့ ထမင်းနယ်တော့မယ်။ ထမင်းကိုပေါင်းအိုးထဲကနေ နယ်မဲ့အိုးထဲထည့်ပါနော်။ ပြီးရင် ပြင်ဆင်ထားတဲ့ အစာပလာတွေကိုလိုသလို ထည့်နော်။ ကြက်သားမှုန့်ကို ထပ်ထည့်နော်။ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုပါ ဆီလေးနဲ့ ထည့်နော်။ အပေါ့အငံမြည်းကြည့်နော်။ ပြီးရင် ပန်းကန်လုံးထဲကို နယ်ထားတဲ့ထမင်းတွေသွပ်ထည့်ပါ။ ပြီးရင်တော့ ကိုယ်စားမဲ့ ပန်းကန်ပြားပေါ်မောက်ထည့်လိုက်ပါ။ ပြီးရင် သခွားသီး၊ ကြက်သွန်မိတ်တို့ကိုပါတင်ပေးပါ။
Shat Jam နဲ့တွဲစားဖို့ ကြက်သားဟင်းရည်ကိုပါ ပြင်ဆင်ထားမယ်။ Kimchi (သို့) သခွားသီးသုပ်ထားမယ်။
ကဲ....အားလုံးပြင်ဆင်ပြီးသွားပါပြီရှင်။


ကဲ..ရပါပြီ..Shat Jam နော် ။ အနှံ့မွှေးကြိုင်ပြီး အဟာရပြည့်ဝတဲ့ ကချင်ဒံပေါက်ထမင်းနယ်ပါရှင်။ ကဲ.....စားဖို့ အဆင်သင့်ပဲ။ ထိုင်စားသွားကြပါရှင်။ လိုက်ပွဲလည်း ထပ်လုပ်ပေးမယ်.. အ၀ဆွဲသွားကြပါနော်။

ဒါကတော့ အချိုပွဲနော်။ ဂျာမုန်းကိုယ်တိုင်ပြုလုပ်ထားတဲ့ JDonuts မုန့်တွေပါ။


ကဲ..အများကြီးပဲ ထပ်စားနော်။ အိမ်အတွက်ပါဆယ်ပါ ဆွဲခွင့်ပြုတယ်။
ဂျာမုန်းကို အခုလိုလာရောက်အားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
မှားတာရှိရင် ခွင့်လွတ်နားလည်းပေးကြပါရှင်။ လိုအပ်တာရှိရင်လည်း ပြောကြပါနော်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

9 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျာမုန်းရေ
လှလဲလှ စားလို့လဲကောင်းလိုက်မဲ့ဖြစ်ခြင်းနော်
ကြည့်တာနဲ့တင် အရသာရှိမှန်းသိသာနေပါပြီ။
သိပ်တော်တာဘဲ လှလှပပလေး လုပ်ထားတာ ဆိုင်လက်ရာထက်တောင် သာသေးတယ်..
စားရမှာတောင် နှမြောစရာရယ်..
ဒိုးနတ်လေးတွေလဲ ချစ်စရာလေး
နှစ်မျိုးလုံးပါဆယ်ဆွဲသွားမယ်နော်
ဒီမှာတော့ မှိုကပ်ရှိတယ်ဖက်ဖယ်လည်းရှိတယ်
ကချင်ထမင်းနယ် လုပ်စားဦးမယ်
ကျေးဇူးနော်..

စန္ဒကူး said...

မမဂျာမုန်း DONUT လဲ လုပ်တတ်တယ်။ ကချင်ဒန်ပေါက်လဲတစ်ခါမှမစားဘူးဘူး..စားချင်လိုက်တာတအားဘဲ။
မှိုကပ် ထောင်းတော့ကြားဖူးတယ်။ မစားဖူးသေးဘူး။....

မြစ်ကျိုးအင်း said...

အမ ဒန်ပေါက်ထမင်းနယ်လေး လာဖတ်မှပဲ
ဒန်ပေါက် မစားဖြစ်တာ ကြာနေပြီမှန်း သတိရတော့တယ်။
ခုတော့ သရေယိုပြီး ပြန်ရပြီ။ နောက်နေ့မှ
ဆိုင်မှာ သွားစားရတော့မယ်။

Unknown said...
This comment has been removed by the author.
Unknown said...

အမရယ်.... စိတ်ရှည်လိုက်တာဗျာ....
ချက်ရတဲ့ဟင်းကိုက ၅မယ်တောင်မှ....
စားပဲစားချင်တော့တယ်... အဲလောက်ချက်ရတာ စိတ်ရှည်ဘူး.... P....
တနေကုန်အားမှပဲ စမ်းကြည့်မယ်ဗျ။

လသာည said...

ကချင်ရိုးရာ ဒံပေါက်လေး တအားစားကောင်းမှာပဲနော်။ သေသေချာချာ ချက်နည်းလေးတင်ပေးထားတာ ကျေးဇူးအရမ်းတင်ပါတယ်။
တခြား ဟင်းချက်နည်း၊ မုန့်လုပ်နည်းလေးတွေလည်း နောက်ထပ် အမြဲလာလေ့လာလို့ ရအောင် လင့်ခ်ထားချင်လို့ ခွင့်ပြုပါနော်။

rose said...

မမဂျာမုန်းရေ...တခါမှ မစားဖူးလို့ ကချင်ရိုးရာ ဒံပေါက် ထမင်းနယ် မြည်းကြည့်သွားတယ်နော်။ ရို့စ်က ကိတ်မုန့်တော့ ဖုတ်တတ်ပေမယ့် ဒိုးနတ်မုန့်တော့ မလုပ်တတ်ဘူး။ မမမှာ အချိန်လေး ရှိရင် လုပ်နည်းလေး တင်ပေးပါနော်။ ကျေးဇူး။

An Asian Tour Operator said...

အင်ဒိုနီး ရှား ဒံပေါက်လဲ လာမြည်းကြည့်ပါဦး ဂျာမုန်း ရေ။

khin yamone said...

ကချင်ဒန်ပေါက် ကိုတစ်ခါမှမစားဘူးဘူး..
ကြည့်ရတာနဲ့တင် အရမ်းကိုစားလို့ကောင်းမှာ..
မှိုကပ်ခြောက်တို့ ဖက်ဖယ်ရွက်တို့တော့ ရနိုင်မယ်မထင်ဘူး ညီမလေးရေ..
တစ်နေ့တော့ကြိုးစားပြီး လုပ်စားကြည့်မယ်..
အခုတော့ ညီမလေးလုပ်ထားတာကို စားသွားပြီနော်..
:)