Saturday, March 26, 2011

My Favourite Make Up


ခုသလော ဂျာမုန်းအလှပြင်တာထက် အလှကုန်ဝယ်တာ ပိုပီးဝါသနာပါနေတယ်။ အလှကုန်တွေအစုံရှိနေရင်ကိုက စိတ်ချမ်းသာနေတာလေ။ ၀ယ်ထားပြီး အသုံးမလိုရင်လည်း အွန်လိုင်းမှာ ပြန်ရောင်းလိုက်တယ်။ ရောင်းလိုက်ဝယ်လိုက်နဲ့ တနေ့တနေ့အလုပ်ကိုမအားဖြစ်နေရတယ်...ဟဲ..ဟဲ။ ဒါကြောင့်ဟင်းချက်ကျွေးဖို့မေ့နေတာ...ခွတ်လွတ်ကြပါနော်..ချစ်မိတ်ဆွေတို့ရေ။ နောက်နေ့မှရှပဲရှယ်ချက်ကျွေးတော့မယ်နော်။

ဒါက..ဂျာမုန်း...ခုလောလောဆယ်သုံးနေတဲ့ မိတ်ကပ်တွေပါ။


ဒါကတော့ Fancy လေးတွေပါ။



ဒီ Estee Lauder မိတ်ကပ်ကို ဆက်လိုက်ဝယ်လိုက်တယ်။ ပြီးတော့အသုံးမလိုတဲ့ တစ်ခုစီကို ဓါတ်ပုံပြန်ရိုက်ပြီး အွန်လိုင်းမှာပြန်ရောင်းတာလေ။ သူ့ရဲ့မူလဈေးနှုန်းကတော့ euro 135 ရှိတယ်။ ဒါပေမယ့် ဂျာမုန်း အွန်လိုင်းမှာလေလံဆွဲတုန်းက 36 euro နဲ့ ရတယ်။


ဒါက ဂျာမုန်းခုလက်ရှိသုံးနေတဲ့ Lancome and Chanel မိတ်ကပ်ပါ။ အစကတော့ ရောင်းဖို့အွန်လိုင်းမှာ ဈေးချိုစွာနဲ့ လေလံလိုက်တာပါ။ အိမ်ရောက်လာတော့ ဂျာမုန်းစမ်းသုံးကြည့်လိုက်တယ်။ အရမ်းကိုကြိုက်သွားတော့သုံးဖြစ်သွားတယ်။


ဒါက မိတ်ကပ် Pinsels Bobbi Brown ပါ။ တရုတ်ပြည်က ၀ယ်တာပါ။ ဒါကို အသုံးပြုပြီးမိတ်ကပ်ပြင်ရတာ အရမ်းစိတ်ချမ်းသာတယ်။


ဒါက ဂျာမုန်းရဲ့ အကြိုက်ဆုံးရေမွှေးတွေပါ။ ဒီထဲမှာတောင် Ck နဲ့ Lancome ရေမွှေးကို အကြိုက်ဆုံးပဲ။ Chanel ရေမွှေးကကောင်းတော့ကောင်းတယ်။ ဒါပေမယ့်အနှံ့အ၇မ်းစူးရှတယ်။ ဒါကြောင်းသားသားအဖေကိုပေးသုံးတာလေ။


ဒီဘက်က မိတ်ကပ်က Skin food မိတ်ကပ်ပါ။ ကိုးရီးယားကမှာယူထားပါ။ ဒါလဲလိုက်တဲ့သူနဲ့အရမ်းကို အသားအရေလှသွားစေပါတယ်။ ဂျာမုန်းက မိတ်ကပ်ထက် Prime Skin cream ကိုပိုကြိုက်တယ်။ မိတ်ကပ်မလိမ်းခင် ဒီ Skin food Prime Skin cream ကိုလိမ်းပြီးကိုယ်ကြိုက်တဲ့မိတ်ကပ်ကို ပြန်လိမ်းတာလေ။

ကဲ..ဒီအောက်ကမိတ်ကပ်တွေကတော့ ဂျာမုန်းအွန်လိုင်းမှာရောင်းတဲ့ရောင်းကုန်တွေပါရှင်။

Lancome eye shadow make up


ဒီမိတ်ကပ်တွေကို ဂျာမုန်းဆက်လိုက်အများကြီးဝယ်ပြီး ကိုယ်ကြိုက်သလို ခွဲပြီးတော့ ဓါတ်ပုံပြန်ရိုက်ပြန်ရောင်းတာပါ။ အခုတော့ ကုန်သွားပြီ။ ဒီမိတ်ကပ်ကနာမည်မကြီးသေးပေမယ့် သုံးလို့တော့ကောင်းတယ်။ ဂျာမနီမှာ လုပ်တာလေ။


Lancome Make up set


ခုလောလောဆယ် ရောင်းထားတဲ့ရောင်းကုန်ကတော့ ဒါပါပဲ။

ဂျာမုန်းအလှအပကိုစိတ်ဝင်စားသလို ချစ်တဲ့သူငယ်ချင်းများလည်း စိတ်ဝင်စားကြမဲ့သူရှိမှာပဲလို့ တွေးမိရင်း ဒီပို့စ်လေးကိုတင်ဖြစ်သွားတာပါ။ မှားတာရှိရင်ခွင့်လွတ်နော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Wednesday, March 16, 2011

Japan Earthquake: before and after

ချစ်သူငယ်ချင်းတို့ရေ

Japan Earthquake: before and after ကြည့်ချင်သူများအတွက်ပါ ဒီလင့်ထဲ ၀င်ကြည့်နော်။

ABC News သတင်းထဲကပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Tuesday, February 8, 2011

စားချင်စဖွယ် Donuts မုန့်လုပ်ကြစို့နော်





ချစ်မိတ်ဆွေများရှင်..အကြောင်းအမျိုးမျိုးကြောင့် ဂျာမုန်းရဲ့ဘလော့ဝ်အိမ်လေးမှာ စားစရာမလုပ်ကျွေးတာတောင် ကြာရောပေါ့။ ဒီအတွက် ဒီနေ့တော့ ၀ိုင်းတော်သားများအတွက် စုပုံချစ်စေမဲ့ Donut မုန့် လေးကို လုပ်ကျွေးချင်ပါတယ်။ အားလုံးလည်းစားချင်ကြလိမ့်မယ်လို့မျှော်လင့်တယ်။ ကဲ...စလိုက်ကြရအောင်။

Donuts မုန့်ပြုလုပ်နည်းအဆင့်ဆင့်နော်

Donuts မုန့်ပြုလုပ်ရန် လိုအပ်တဲ့ပစ္စည်းများမှာ၊
ဂျုံ 300 g
ပွဆေး (back pulver) ထုတ်သေးတစ်ထုတ်၏လေးပုံတစ်ပုံ
ပွဆေး(yeast)အတုန်းထဲကတစ်ဝက်
ကြက်ဥ 2 လုံး
Vanilla ရည် ထမင်းစားဇွန်းလေးပုံသုံးပုံ
သကြား ၆၀ ml
Vanilla Suger 1 Tee Spoon ( 30 ml)
ထောပတ် 4Table Spoon
နွားနို့ 2 Table Spoon( 30 ml)
ကြော်ဖို့ဆီ
ဆားအနည်းငယ် တို့လိုအပ်ပါတယ်။


ပြုလုပ်နည်းမှာ
မုန့်နှစ်နယ်ရန်အတွက် ပန်းကန်လုံးကြီးတစ်ခုတွင် ကြက်ဥ၊ ထောပတ်၊ဆားအနည်းငယ်၊ နို့၊ ပွဆေး၊ သကြား၊ vanilla တို့ကိုထည့်ပြီး သမအောင်အားရပါးရ မွှေပေးပါ။ မွှေစက်ရှိကမွှေစက်ဖြင့်မွှေပေးပါ။ ပြီးရင် ဂျုံမုန့့််ထည့်နော်။ ပြီးရင်ထပ်မံမွှေပေးပါ။ မုန့်နှစ်က ပြစ်လာမှာမို့ လက်နှင့်ကိုင်တွယ်ပြီးအသုံးပြုပေးရပါမယ်။ တကယ်လို့မုန့်နှစ်က ပျော့နေသေးရင် ဂျုံမုန့်ကို အနည်းငယ်ထပ်ထည့်ပါ။ အားလုံးအိုကေဖြစ်သွားပြီဆိုရင် မုန့်နှစ်ကို လုံးလုံးလေးလုပ်ပြီး အပေါ်မှာအ၀တ်စလေးနဲ့ မိနစ် ၂၀ လောက်နပ်ထားပေးပါ။ မိနစ်၂၀ပြည့်သွားပြီဆိုရင် သန့်စင်တဲ့စားပွဲပေါ်မှာ ဂျုံမုန့်ကို လက်နှင့်အနည်းငယ်ဆီ ပြန့်နေအောင်ဖြူးပေးပါ။ မုန့်တွေကို ကိုင်တွယ်လို့ရအောင် တစ်ခုနဲ့တစ်ခု မကပ်ဖို့ရန် ဖြူးထားရပါမယ်။ ပြီးရင် မုန့်နှစ်ကို ဂျုံမုန့်ဖြူးထားတဲ့အပေါ်မှာ တင်ပေးပါ။ လက်နှင့်ပြားပြားလေးဖြစ်အောင်ဖြန့်ပါ။ ပြီးရင် ဒလိမ့်တုန်းဖြင့် အသာလေး ပြားပေးပါ။ ဒလိမ့်တုန်းမရှိက ပုလင်းကိုလည်းအသုံးပြုလို့ရပါတယ်။ ပြားပြီးသွားရင် အောက်ကပုံတွင်ပြထားသည့်အတိုင်း အ၀ိုင်းလေးတွေကို စပြုလုပ်လိုရပါပြီ။


ဂျာမုန်းကတော့ အလွယ်တကူပြုလုပ်ထားတာပါ။ ခွက်ဝိုင်း(သို့)၀ိုင်ခွက်တွေကို အသုံးပြုပြီး မုန့်ဝိုင်းလေးတွေကို ပြုလုပ်ပါတယ်။ မုန့်ဝိုင်းရဲ့အလည်ကိုတော့ ဖျော်ရည်ဗူးအဖုံးကိုအသုံးပြုတာပါ။ ကိုယ်မှာရှိတာလေနဲ့အဆင်ပြေအောင် ပြုလုပ်တဲ့သဘောပေါ့။ ပြီးရင် ဆီပူထဲမှာ ကြော်လိုက်တယ်။ ကြော်တဲ့အခါ ဟိုဘက်ဒီဘက်လှန်ပေးနော်။ တူးမသွားအောင်သတိထားနော်။


အားလုံးအိုကေပြီးဆိုရင် တူကိုအသုံးပြုပြီးဆယ်လိုက်ပါ။ ပြီးရင်ဆီစစ်ထားပါ။ မုန့်တွေကြော်ပြီးဆီစစ်ထားပြီးရင်..မုန့်တွေကိုယိုသုပ်ဖို့ ပြင်ဆင်ကြရမယ်။ ချော့ကလက်၊ စတော်ပယ်ရီ၊ ခရမ်၊ သကြားရည် တို့နဲ့ မိမိကြိုက်နှစ်သက်သလို ဖန်တီးနိုင်ပါတယ်ရှင်။


ကဲ...ဟောဒီမှာ ဂျာမုန်းဖန်တီးထားတဲ့ Donuts လေးတွေပါ။ ဟိုဘက်ကမုန့်ဗန်းကတော့ ခရမ်၊ သကြားရည် ၊ထောပတ်တို့ကိုရောပြီး သုပ်ထားတာပါ။ စားကြည့်နော် ကောင်းမှကောင်းပဲ။ ဒီဘက်ကလည်း ကြိုက်တာနိုက်စားနော်။


ကဲ...တွေ့တယ်ဟုတ်... အလှဆုံး Donuts မုန့်လေးတွေနော်။ ပါဆယ်ဆွဲသွားချင်သူများအတွက်ဒီဘက်ကဗန်းနော်။


ထပ်စားသွားနော်...ချစ်မိဆွေတို့ရေ။



ကဲ...အားလုံးကြိုက်ကြလိမ့်မယ်လို့မျှော်လင့်တယ်။ မိတ်ဆွေရဲ့ ကိုယ်တိုင်ဖန်တီး Donuts မုန့်ကိုလည်းစားကြည့်ချင်သေးတယ်။ မုန့်လုပ်မဲ့နေ့ဆို ဂျာမုန်းကိုခေါ်ဖို့မမေ့နဲ့နော်။
လိုအပ်တာရှိရင်လည်း မေးလို့ရပါတယ်။ မှားတာရှိရင်လည်း ခွင့်လွတ်နားလည်ပေးကြပါရှင်။
ညီမလေး..စုဘူးအိမ်လေးရေ.... ဒိုးနတ်မုန့်လုပ်နည်းတင်ပေးထားပြီနော်။ ညီမလေးတောင်းဆိုထားတာကြာပေမယ့် ဂျာမုန်းက အခုမှ တင်ပေးတာခွင့်လွတ်နော်။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Tuesday, November 23, 2010

"Shat Jam" လို့ခေါ်တဲ့ကချင်ရိုးရာဒံပေါက်ထမင်းနယ်


ဒါက Shat Jam လို့ ခေါ်တဲ့ကချင်ရိုးရာဒံပေါက်ထမင်းနယ်ပါ။
မိတ်ဆွေများကို ဒီနေ့တော့ အထူးအဆန်းလေးဖြစ်အောင် Shat Jam လို့ခေါ်တဲ့ ကချင်ရိုးရာဒံပေါက်ထမင်းနယ်လေး လုပ်ကျွေးလိုက်ပါတယ်။ ဒီ Shat Jam ထမင်းနယ်ဟာ ကျမတို့ကချင် လူမျိုးတွေအတွက် အထူးမြတ်နိုးဖွယ် ရိုးရာအစားအစာတစ်ခုဖြစ်တယ်။ ဒီထဲမှာ ထည့်ရတဲ့ အစာပလာတွေကလည်း များတယ်လေ။ ဒါကြောင့် သိပ်မလုပ်စားဖြစ်ဘူး။ အခုတော့ မြစ်ကြီးနားက အစ်မတစ်ယောက် အစားအသောက်လက်ဆောင်ပို့ပေးတဲ့အထဲမှာ မှိုကပ်ခြောက်ပါနေတာကြောင့် စိတ်ကူးရပြီး လုပ်စားဖြစ်သွားတာပါ။ မိတ်ဆွေတို့လည်း မြည်းကြည့်နော်။

"Shat Jam" ပြုလုပ်နည်းအဆင့်ဆင့်နော်

လုပ်အပ်တဲ့ပစ္စည်းတွေ။
၁။ ကြက်သား၊ အမဲသား(သို့) ၀က်သား တစ်မျိုးမျိုး။
၂။ ဆန် (ဂျပ်စမင်းဆန်(သို့)ဘတ်စမာတီဆန်) ဆန်ပျော့ကောင်းကောင်းဆိုရတယ်။
၃။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ သကြားအနည်းငယ်၊ ဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်။
၎။ မှိုကပ်ခြောက်၊ မျှစ်ချဉ်ချို နှင့် အခြားအမွှေးအကြိုင်အရွက်၊ ဥပမာ ပင်စိမ်း၊ ဖက်ဖယ်။ မရှိကမထည့်လဲရတယ်။

ကဲ့ စလိုက်ကြရအောင်။
ပထမဆုံး ဆန်ကိုရေဆေးပြီးပေါင်းအိုးဖြင့် မိမိလိုအပ်သလောက်ပေါင်းထားပေးပါ။ ဖြစ်နိုင်ရင် ကောက်ညှင်းပေါင်းသလို ဆန်ကိုပေါင်းရပါမယ်။ ဂျာမုန်းကတော့ ဂျပ်စမင်းဆန်တ၀က်၊ ဘတ်စမာတီတ၀က်ဆီ ထည့်ချက်ပါတယ်။


ဂျာမုန်းကကြက်သားနဲ့ လုပ်တာပါ။ ကြက်သားကို ရေဆေးပြီး ပြုတ်မဲ့အိုးထဲထည့်တယ်။ ဆား၊သကြား၊ ကြက်သားမှုန့်အနည်းငယ်၊ ဂျင်းကိုဒါးပြားရိုက်ထည့်၊ ကြက်သွန်ဖြူ၂ဥကိုဒါးပြားရိုက်ထည့် ပြီး ရေအနည်းငယ်ထည့်တယ်။ ပြီးတော့ရေခန်းအောင်ချက်လိုက်တယ်။ ရေခန်းလျှင်ကြက်သားကိုဆယ်ယူပြီး လက်ဖြင့် အသားချောင်းလေးတွေဖြစ်အောင် မွလိုက်တယ်။


ဒါက မှိုကပ်ခြောက်ပါ။ သစ်ပင်တွေပေါ်မှာပဲပေါက်ပါတယ်။ ဒါကတော့ ကချင်ရိုးရာထမင်းနယ်အတွက် မပါမဖြစ်တဲ့ အရာပေါ့။ ဒါကိုရေစိမ်လိုက်ရင် ပွလာမယ်။ ပြီးရင် ရေးဆေးပြီး ဆီအနည်းငယ်နဲ့ ခြောက်ခြောက်လေး ကြော်ထားမယ်။ ကြော်တဲ့အချိန် ဆားထည့်ပါမယ်။


ဒါကမျှစ်ချဉ်ကိုပါးပါးလှီးပြီးခြောက်ခြောက်လေးကြော်ထားတာပါ။ ဒီဘက်ကတော့ ကြက်သွန်နီးပါးပါးလှီးပြီးကြော်ထားတာပါ။ ကြက်သွန်ဖြူကိုပါ နုတ်နုတ်စဉ်းပြီးဆီသပ်ထားပါမယ်။


ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့ အစာပလာတွေကို စုံအောင်ပြင်ဆင်ထားပြီးပါပြီ။ အရွက်တွေက မစုံလို့ ရှိတာလေးနဲ့ပဲ ပြင်ဆင်ထားတာပါရှင်။ ကဲ....အခုတော့ ထမင်းနယ်တော့မယ်။ ထမင်းကိုပေါင်းအိုးထဲကနေ နယ်မဲ့အိုးထဲထည့်ပါနော်။ ပြီးရင် ပြင်ဆင်ထားတဲ့ အစာပလာတွေကိုလိုသလို ထည့်နော်။ ကြက်သားမှုန့်ကို ထပ်ထည့်နော်။ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုပါ ဆီလေးနဲ့ ထည့်နော်။ အပေါ့အငံမြည်းကြည့်နော်။ ပြီးရင် ပန်းကန်လုံးထဲကို နယ်ထားတဲ့ထမင်းတွေသွပ်ထည့်ပါ။ ပြီးရင်တော့ ကိုယ်စားမဲ့ ပန်းကန်ပြားပေါ်မောက်ထည့်လိုက်ပါ။ ပြီးရင် သခွားသီး၊ ကြက်သွန်မိတ်တို့ကိုပါတင်ပေးပါ။
Shat Jam နဲ့တွဲစားဖို့ ကြက်သားဟင်းရည်ကိုပါ ပြင်ဆင်ထားမယ်။ Kimchi (သို့) သခွားသီးသုပ်ထားမယ်။
ကဲ....အားလုံးပြင်ဆင်ပြီးသွားပါပြီရှင်။


ကဲ..ရပါပြီ..Shat Jam နော် ။ အနှံ့မွှေးကြိုင်ပြီး အဟာရပြည့်ဝတဲ့ ကချင်ဒံပေါက်ထမင်းနယ်ပါရှင်။ ကဲ.....စားဖို့ အဆင်သင့်ပဲ။ ထိုင်စားသွားကြပါရှင်။ လိုက်ပွဲလည်း ထပ်လုပ်ပေးမယ်.. အ၀ဆွဲသွားကြပါနော်။

ဒါကတော့ အချိုပွဲနော်။ ဂျာမုန်းကိုယ်တိုင်ပြုလုပ်ထားတဲ့ JDonuts မုန့်တွေပါ။


ကဲ..အများကြီးပဲ ထပ်စားနော်။ အိမ်အတွက်ပါဆယ်ပါ ဆွဲခွင့်ပြုတယ်။
ဂျာမုန်းကို အခုလိုလာရောက်အားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
မှားတာရှိရင် ခွင့်လွတ်နားလည်းပေးကြပါရှင်။ လိုအပ်တာရှိရင်လည်း ပြောကြပါနော်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

Sunday, October 24, 2010

ချစ်မိတ်ဆွေများအတွက် သစ်သီးစုံနှင့် ဟင်းအမယ်စုံနော်



ခုသလော ဂျာမုန်း ဟင်းမချက်ကျွေးတာတောင် ကြာရောပေါ့။ အားလုံးကိုသတိရနေပေမယ့် ဘလော့ဝ်အိမ်တွေ လိုက်မလည်ဖြစ်ဘူး။ Online မှာ ဈေးရောင်း၊ ဈေးဝယ် အလုပ်ရှုပ်နေတာကြောင့်ပါ။ ဈေးရောင်း၊ ဈေးဝယ်အကြာင်းကိုတော့ နောက်မှ သေချာပြောပြမယ်။ ခုတော့ ဂျာမုန်း ပြင်ဆင်ထားတဲ့ အစားအစာတွေကို အရင်စားရမယ်နော်။


ကဲ...ဟောဒါက အားလုံးရဲ့ အကြိုက် ကန်ဇွန်းရွက်နှင့် ၀က်ခေါက်ကြော်နော်။


ဒါကတော့... အရွက်စုံနဲ့ချက်ထားတဲ့ ငါးဟင်းပါ။ ကချင်ချက်ပေါ့။ အနံ့လေးကမွှေးနေတာပဲနော်။

ဒါကတော့ အားလူးနဲ့ ၀က်သားချစ်ကို တရုတ်စတိုင်လ်ကြော်ထားတာပါ။


ဒါကတော့... ကြက်ပေါင်သား မတ်စလာချက်နော်။ ကြက်ပေါင်နှစ်ပေါင်ပဲ ဆိုပေမယ့် အားမနာနဲ့ အရင်ရောက်တဲ့သူအတွက် အထူးနော်။


ဒါကတော့ ကြက်သား ကချင်ချက်ပါ။ ဂျာမုန်း အရင်ကချက်နည်းကို တင်ခဲ့ဘူးတယ်။
ချက်နည်းကို ဒီထဲမှာပြန်ကြည့်နော်။

မိတ်ဆွေများ ချက်စားချင်တဲ့ ဟင်းကိုမှာထားခဲ့နော်။ ချက်နည်းကိုပြန်ရေးပေးပါ့မယ်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Monday, October 4, 2010

အချစ်နဲ့ ပတ်သက်လာရင်



ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက
အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။ အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။ လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။

ဘဝဖော်ဆိုတာ
ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

ဂတိနဲ့ပတ်သက်ရင်
ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။


လူ့ဘဝနဲ့ ပတ်သက်ရင်
ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာပျောက်သွားနိုင်တယ်။


မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"

သူငယ်ချင်းနဲ့ပတ်သက်ရင်
တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"
ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။
"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးသူဖြစ်တယ်"

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန်
ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်
နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။ မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။ အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။

အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။ အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်
ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ
နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က
သေဆုံးချိန်မှ လက်လွတ်ကြရတယ်။

ဒီပိုစ့်ကို သူငယ်ချင်းပို့တဲ့ မေးလ်ထဲက ရတာပါ။ မနိုင်းနိုင်းစနေ ဘာသာပြန်ထားတာပါ။
ဖတ်လို့ကောင်းပြီဆိုရင် ...ချစ်တဲ့ဘလော့စ်သူငယ်ချင်းများကို သတိရနေသူပါ။ ဒါကြောင့်ပြန်ပြီးဝေငှလိုက်တယ်နော်...။
နောက်မှပဲ ဟင်းချက်ကျွေးတော့မယ်..အချစ်အကြောင်းကို အရင်ဖတ်ထားနှင့်နော်။
အားလုံးကိုအစဉ်သတိရလျှက်
ဂျာမုန်းဒန်