တခါတလေ ထမင်းမစားပဲ ကော်ပြန့်လိပ်ကြော် အ၀ကြော်စားကြမယ်မိဆွေတို့ရေ..။ ကော်ပြန့်လိပ်ကြော်နည်းက အမျိုးမျိုးရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလိုပေါ့။ ဒီတခါတော့ Nederland နိုင်ငံသွားတုန်းက အကိုကြီးလုပ်ကျွေးတဲ့ ကော်ပြန့်ကြော်ကို ပြန်စားချင်တာနဲ့ ပြန်လုပ်စားဖြစ်တယ်။ ဂဏန်းသားလည်းထည့်တော့ အရသာက တမူထူးခြားပြီး အရမ်းကို မွှေးတာနော်။ အရမ်းလည်းစားလို့ကောင်းတယ်။ သားလေးကလည်း အရမ်းကို ကြိုက်စား နေတာလေ။ ဒါကြောင့် ခုသလော ခဏခဏလုပ်စားဖြစ်တယ်။ ကောင်းပြီဟေ့…ဆိုရင်လည်း ဘလော့ချစ်သူငယ်ချင်းများကို မမေ့နိုင်ပေါင်..ပြောပြချင်နေတာ…။ လုပ်စားစေချင်လို့ပါရှင်။
ကော်ပြန့်လိပ်ပို့ လိုအပ်တဲ့ပစ္စည်းများ
ကြက်သား(သို့) ၀က်သားကို နုပ်နုပ်စင်းပြီးသား ၃၀၀ ဂရမ်၊ ဂဏန်းသား တစ်ထုပ်( အာရှဆိုင်မှာ ၀ယ်လို့ရသည်)၊ ဆန်ကြာဇံတစ်ထုပ်၊ဆန်ကြာဇံမရှိက ရိုးရိုးကြာဇံနဲ့လည်းရတယ်။ ပဲပင်ပေါက် ၅၀ ဂ၇မ်၊ ဂေါ်ဖီထုပ် အနည်းငယ်၊ ကြက်ဥ ၂ လုံး၊ ဆား နှင့် ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်၊ ပဲငပြာရည်အကျဲ၊ ဆီ၊ လိပ်ထားပြီးသား ကော်ပြန့်ရွှက်ထုပ်ကြီး တစ်ထုပ် နှင့် ကော်ပြန့်နှင့်တွဲစားဖို့ ငရုပ်သီးအချဉ်ရည်ပုလင်း တို့ကို ၀ယ်ထားမယ်နော်။
ပြုလုပ်နည်းအဆင့်ဆင့်နော်
ကော်ပြန့်အစာ နယ်ဖို့အတွက် နယ်မည့် ဇလုံကြီးထဲတွင် စင်းပြီးသားကြက်သား(သို့)၀က်သားကို ထည့်မယ်။ စင်းထားပြီးသား မရောင်းပါက ကိုယ်တိုင်စင်းပြီးထည့်နော်။ ဂဏန်းသားကို ပလပ်စတစ်ခွာပြီးလက်လေးနဲ့ အသာလေးချေထည့်မယ်။ ဆန်ကြာဇံကို ရေမနွေးတနွေးနှင့် ၁၀ မိနှစ်ခန့်စိမ်ပြီး စကာနှင့် ပြန်စစ်ထည့်နော်။ မုန်လာဥနီကို အချောင်းသေးသေးလေးဖြစ်အောင်လှီးပြီး ထည့်မယ်။ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ရေပြန်ဆေးပြီးထည့်ပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ထည့်နော်။ ကြက်ဥ ၂လုံးကို ဖေါက်ထည့်မယ်။ ဆားကိုလိုသလောက်ထည့်နော်..မငံစေနဲ့။ ပဲငံပြာရည်အကျဲကိုအနည်းငယ်ထည့်၊ ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်ကို လိုသလောက်ထည့်ပါ။ အားလုံးထည့်ပြီးပြီဆိုရင် လက်အိပ်စွပ်ပြီး သမအောင်နယ်ထားပေးပါ။ နယ်ထားတဲ့အစာတွေကို ကြော်စရာမလိုဖူးနော်..ဒီတိုင်းအစာသွပ်ရုံပဲ။
ဒါပြီးရင်တော့ စလုပ်ဖို့ ပြင်ဆင်ကြမယ်နော်။ ၀ယ်လာတဲ့ ကော်ပြန့်ရွက်ကြီးကို ဖောက်ပြီး တလွှာပြီးတလွှာ ခွာထာမယ်။ တစ်ယောက်တည်းလုပ်မယ်ဆိုရင် များများမခွာထားနဲ့နော်။ မာသွားမှာဆိုးလို့ပါ။ ခွာလိုက် လိပ်လိုက်လုပ်ပေါ့။ အနားသားကပ်စေဖို့အတွက် ကြက်ဥအကာကို ပန်းကန်းလုံးလေးထဲ ဖောက်ထည့် ထားပါ။ ကော်ပြန့်လိပ်ပြီးတိုင်း နောက်ဆုံးအနားကို ကြက်ဥအကာလေးနဲ့တို့ပြီး ကပ်လိုက်နော်။ကော်ပြန့်ကြော်တော့မယ်ဆိုရင် ဆီကိုများများသုံးဖို့ လိုမယ်။ ကိုယ်လိပ်ထားတဲ့အရွယ်အစားပေါ်မူတည်ပြီး ဆီကိုသုံးရမယ်။ ဆီထဲမှာ ကော်ပြန့်နှစ်နေပြီ ဆိုယုံလောက်ပါ။ ကြော်နေပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ နီမြန်းလာပြီ ဆိုရင် ဆယ်လို့ရပါပြီ။ ဂဏန်းသားထည့်ထားတော့ အနှံ့လေးက မွှေးပြီးစားချင်စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ဂဏန်းသားကို ထည့်ဖြစ်အောင်ထည့်ဖို့မှာလိုက်ချင်တယ်။ သတိထားနော်…ပူနေတုန်း မစားလိုက်နဲ့နော်…။ ကိုယ်ချင်းစာလို့ပါ။ ဂျားမုန်းလုပ်စားတုန်းက ပူနေတာကို မစောင့်နိုင်လို့ စားလိုက်မိတာ….လျှာတခုလုံးပူထူသွားတယ်.. …ဟီး။
မိဆွေများအားလုံး ၀လျှင်စွာသုံးဆောင်ပြီးမှပြန်ရမယ်နော်။
ကော်ပြန့်လိပ်လုပ်စားဖြစ်ရင်လည်း စားဖို့အလည်ခေါ်အုံးနော်။
အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here