Tuesday, April 27, 2010

ဘဲသားပေါင်းနှင့် ခေါက်ဆွဲချက်အမျိုးမျိုးနော်


ချစ်မိတ်ဆွေတို့ရေ... ဒီနေ့တော့ ဘဲပေါင်းဟင်းနဲ့ ခေါက်ဆွဲအမျိုးမျိုးကို ရှယ်ချက်စား ကြမယ်နော်။အားလုံးကြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

ကဲ..ဟောဒါက..ဘဲပေါင်းဟင်းပါရှင်။
ချက်နည်းလေးပြောပြမယ်။ ..........ဘဲပေါင်းချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေက...ဘဲသား ၅၀ကျပ်သား၊ အနှံ့အသက်ပျောက်ဖို့အတွက် နာနတ်ပွင့်၂ပွင့်၊ ကြက်သွန်ဖြူ၊ နီ၊ ဆီအနည်းငယ်၊ ချင်း၊ ဆား၊ ငံပြာရည်၊ နနွင်းနှင် ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။
ဘဲပေါင်းကို စချက်တော့မယ်ဆိုရင် ပေါင်းမည့်အိုးထဲတွင် ဆီအနည်းငယ်ထည့်မယ်။ ဆီပူလာရင် ကြက်သွန်ဖြူနှင့်ချင်းကို ထောင်းပြီး ဆီပူထဲအရင်ထည့်မယ်။ နာနတ်ပွင့်ကိုပါထည့်နော်။ နနွင်းမှုန့်အနည်းငယ် ကိုလည်းထည့်မယ်။ ကြက်သွန်ဖြူဝါပြီး မွှေးလာပြီဆိုရင် ပိုင်းပြီးသားဖြစ်တဲ့ ဘဲသားများကို ဆီအိုးထဲထည့်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည်တွေကို လိုသလောက် ထည့်နော်။ ပြီးရင်ဆက်မွှေပေးပါ။ ဒီလိုဆီသပ်လိုက်တဲ့အခါ တမူထူးခြားပြီး အရသာထူးကဲပါတယ်။
ပြီးရင်တော့ ဘဲသားများမြုတ်သွားသည် အထိရေထည့်ပါ။ ကြက်သွန်နီကို အခွံနွာ၊ ထက်ခြမ်းခွဲပြီး ထည့်နော်။ အလုံးကြီးက လေးစိတ်စိတ်ပြီးထည့်ပါ။ ပြီးရင် အိုးအဖုံးပိတ်ပြီး နုးနေအောင်ပေါင်းပါ။ ကျက်ပြီ၊ နုးပြီဆိုရင် ကြက်သွန်မိတ်၊ နံနံမိတ်တို့ထည့်ပြီး ရှယ်စားသုံးလို့ရပါပြီရှင်။ ကဲ... အနှံအရသာနှင့်ပြည့်စုံတဲ့ ဘဲပေါင်းဟင်းကို အားရှိအောင်သာ သောက်လိုက်ပါတော့လား ချစ်မိတ်ဆွေတို့ရေ။

ဒါက ခေါက်ဆွဲအတွက် လိုအပ်တဲ့အစာပလာတွေပါ။ မြေပဲထောင်း၊ ခရမ်းချဉ်သီးချက်၊ ကြက်သွန်ဖြူဆီသပ်၊ နမ်းလျှော်ထောင်း၊ ငရုပ်ကောင်းမှုန့်၊ ပဲငပိဘူး၊ ငရုတ်သီးမှုန့်တို့ ဖြစ်ပါတယ်။
ဂျာမုန်းကတော့ အားတဲ့အချိန်တွေဆို ဒီလိုဆီချက်လေးကို လုပ်ထားပြီး မိမိကြိုက်နှစ်သက်တဲ့ အချိန်တိုင်း ခေါက်ဆွဲကို ကြိုက်သလို အမျိုးမျိုးလုပ်စားတတ်တယ်လေ။

ဒါကတော့ ဘဲပေါင်းဆန်ခေါက်ဆွဲပေါ့ရှင်။ ရှယ်ပဲနော်... အ၀ကို စားသွားသိလား။ ဘဲပေါင်သားလေးနဲ့နော်။ ရှလွတ်...ရှလွတ်...။

ဒါကတော့......မြီးရှည်ပါ။ ၀က်သားကို ကျော်ပြီးထည့်ထားတာပါ။ အရမ်းကိုကောင်းတယ်။ စားသွားနော်။

ဒါကတော့ အမဲအူခေါက်ဆွဲအတွက် လိုအပ်တဲ့အစာပလာတွေနော်။ ကင်မ်ချီကိုပါသုပ်ထားတယ်။

ကဲ..စားလို့ရပါပြီ. အမဲကလီဇာ ခေါက်ဆွဲပါရှင်။

ဒါကတော့ သတ်သတ်လွတ် ခေါက်ဆွဲဟင်းခါးပါ။ နေမကောင်းသူတို့အတွက်နော်။


ကဲ.. ဒါက. ၀က်သားဗူးနဲ့လုပ်ထားတဲ့ မြီးရှယ်ခေါက်ဆွဲပါ။ သခွားသီးသုပ်နဲ့ သုံးဆောင်သွားပါအုံးလား။

ကဲ..မိတ်ဆွေတို့ရေ.။ အားမနာစတမ်း အ၀ကိုစားသွားကြပါရှင်။ အ၀စားမည့်သူရှိမှ လုပ်ကျွေးတဲ့သူလည်း အားရှိမှာပေါ့.လို့။ အားလုံးပဲ...တတာနော်။ ဆက်ချက်လိုက်အုံးမယ်။ ချစ်မိတ်ဆွေတို့အတွက်ပါ။

လာရောက်အားပေးကြတဲ့ သူတိုင်းအပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here

Monday, April 19, 2010

Spring Roll (ကော်ပြန့်ကြော်နော်)



တခါတလေ ထမင်းမစားပဲ ကော်ပြန့်လိပ်ကြော် အ၀ကြော်စားကြမယ်မိဆွေတို့ရေ..။ ကော်ပြန့်လိပ်ကြော်နည်းက အမျိုးမျိုးရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလိုပေါ့။ ဒီတခါတော့ Nederland နိုင်ငံသွားတုန်းက အကိုကြီးလုပ်ကျွေးတဲ့ ကော်ပြန့်ကြော်ကို ပြန်စားချင်တာနဲ့ ပြန်လုပ်စားဖြစ်တယ်။ ဂဏန်းသားလည်းထည့်တော့ အရသာက တမူထူးခြားပြီး အရမ်းကို မွှေးတာနော်။ အရမ်းလည်းစားလို့ကောင်းတယ်။ သားလေးကလည်း အရမ်းကို ကြိုက်စား နေတာလေ။ ဒါကြောင့် ခုသလော ခဏခဏလုပ်စားဖြစ်တယ်။ ကောင်းပြီဟေ့…ဆိုရင်လည်း ဘလော့ချစ်သူငယ်ချင်းများကို မမေ့နိုင်ပေါင်..ပြောပြချင်နေတာ…။ လုပ်စားစေချင်လို့ပါရှင်။


ကော်ပြန့်လိပ်ပို့ လိုအပ်တဲ့ပစ္စည်းများ
ကြက်သား(သို့) ၀က်သားကို နုပ်နုပ်စင်းပြီးသား ၃၀၀ ဂရမ်၊ ဂဏန်းသား တစ်ထုပ်( အာရှဆိုင်မှာ ၀ယ်လို့ရသည်)၊ ဆန်ကြာဇံတစ်ထုပ်၊ဆန်ကြာဇံမရှိက ရိုးရိုးကြာဇံနဲ့လည်းရတယ်။ ပဲပင်ပေါက် ၅၀ ဂ၇မ်၊ ဂေါ်ဖီထုပ် အနည်းငယ်၊ ကြက်ဥ ၂ လုံး၊ ဆား နှင့် ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်၊ ပဲငပြာရည်အကျဲ၊ ဆီ၊ လိပ်ထားပြီးသား ကော်ပြန့်ရွှက်ထုပ်ကြီး တစ်ထုပ် နှင့် ကော်ပြန့်နှင့်တွဲစားဖို့ ငရုပ်သီးအချဉ်ရည်ပုလင်း တို့ကို ၀ယ်ထားမယ်နော်။


ပြုလုပ်နည်းအဆင့်ဆင့်နော်
ကော်ပြန့်အစာ နယ်ဖို့အတွက် နယ်မည့် ဇလုံကြီးထဲတွင် စင်းပြီးသားကြက်သား(သို့)၀က်သားကို ထည့်မယ်။ စင်းထားပြီးသား မရောင်းပါက ကိုယ်တိုင်စင်းပြီးထည့်နော်။ ဂဏန်းသားကို ပလပ်စတစ်ခွာပြီးလက်လေးနဲ့ အသာလေးချေထည့်မယ်။ ဆန်ကြာဇံကို ရေမနွေးတနွေးနှင့် ၁၀ မိနှစ်ခန့်စိမ်ပြီး စကာနှင့် ပြန်စစ်ထည့်နော်။ မုန်လာဥနီကို အချောင်းသေးသေးလေးဖြစ်အောင်လှီးပြီး ထည့်မယ်။ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ရေပြန်ဆေးပြီးထည့်ပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ထည့်နော်။ ကြက်ဥ ၂လုံးကို ဖေါက်ထည့်မယ်။ ဆားကိုလိုသလောက်ထည့်နော်..မငံစေနဲ့။ ပဲငံပြာရည်အကျဲကိုအနည်းငယ်ထည့်၊ ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်ကို လိုသလောက်ထည့်ပါ။ အားလုံးထည့်ပြီးပြီဆိုရင် လက်အိပ်စွပ်ပြီး သမအောင်နယ်ထားပေးပါ။ နယ်ထားတဲ့အစာတွေကို ကြော်စရာမလိုဖူးနော်..ဒီတိုင်းအစာသွပ်ရုံပဲ။


ဒါပြီးရင်တော့ စလုပ်ဖို့ ပြင်ဆင်ကြမယ်နော်။ ၀ယ်လာတဲ့ ကော်ပြန့်ရွက်ကြီးကို ဖောက်ပြီး တလွှာပြီးတလွှာ ခွာထာမယ်။ တစ်ယောက်တည်းလုပ်မယ်ဆိုရင် များများမခွာထားနဲ့နော်။ မာသွားမှာဆိုးလို့ပါ။ ခွာလိုက် လိပ်လိုက်လုပ်ပေါ့။ အနားသားကပ်စေဖို့အတွက် ကြက်ဥအကာကို ပန်းကန်းလုံးလေးထဲ ဖောက်ထည့် ထားပါ။ ကော်ပြန့်လိပ်ပြီးတိုင်း နောက်ဆုံးအနားကို ကြက်ဥအကာလေးနဲ့တို့ပြီး ကပ်လိုက်နော်။ကော်ပြန့်ကြော်တော့မယ်ဆိုရင် ဆီကိုများများသုံးဖို့ လိုမယ်။ ကိုယ်လိပ်ထားတဲ့အရွယ်အစားပေါ်မူတည်ပြီး ဆီကိုသုံးရမယ်။ ဆီထဲမှာ ကော်ပြန့်နှစ်နေပြီ ဆိုယုံလောက်ပါ။ ကြော်နေပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ နီမြန်းလာပြီ ဆိုရင် ဆယ်လို့ရပါပြီ။ ဂဏန်းသားထည့်ထားတော့ အနှံ့လေးက မွှေးပြီးစားချင်စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ဂဏန်းသားကို ထည့်ဖြစ်အောင်ထည့်ဖို့မှာလိုက်ချင်တယ်။ သတိထားနော်…ပူနေတုန်း မစားလိုက်နဲ့နော်…။ ကိုယ်ချင်းစာလို့ပါ။ ဂျားမုန်းလုပ်စားတုန်းက ပူနေတာကို မစောင့်နိုင်လို့ စားလိုက်မိတာ….လျှာတခုလုံးပူထူသွားတယ်.. …ဟီး။

ဟော်ဒီမှာ ကော်ပြန့်လိပ်ဖို့ပြင်ဆင်ထားတာပါ။ ကော်ပြန့် အသေးလိပ်ချင်သူများအတွက် ကော်ပြန့်ရွက်ကို ရွက်သေးဖြစ်အောင် ညီညီလေးဖြတ်ပြီး လိပ်နော်။ ဂျာမုန်းက သားလေးအတွက် လိပ်ပေးတာပါ။

ကော်ပြန့်လိပ် ပုံကို ပြထားပေးတာပါ။ ကော်ပြန့်ရွက်ရဲ့ဒေါင့်မှာ အစာထည့်ပြီး အလယ်နား အထိအရင် လိပ်မယ်။ ပြီးရင် အနားနှစ်ဖက်ကို ပြန်ခေါက်မယ်။ ပြီးမှ အပေါ်အဆုံးအထိ ဆက်လိပ်သွားမယ်။ အစွန်းရောက်ရင် ကြက်ဥအကာလေးနဲ့ တို့ပြီးကပ်လိုက်မယ်။

ဒါက အကြီးအသေးလိပ်ထားပုံပါရှင်။ ပန်းပွင့်ပုံစံလည်း လိပ်လို့ရတယ်နော်။

ဒါကတော့..ဂျာမုန်းလိပ်ထားတာမဟုတ်ပါ။ ကော်ပြန့်ရွက်ပေါ်ကပုံကို ပြန်ရိုက်ထားတာပါ။ ဒီလိုအမျိုးမျိုးလုပ်စားနိုင်ကြောင်းပြချင်လို့ပါရှင့်။

ဒါကတော့ ထမင်းပေါင်းပါရှင်။ ကြက်သားနဲ့ မှိုနဲ့နော်။ ကော်ပြန်စားရုံနဲ့ မ၀သူတွေအတွက်နော်။

ကဲ...ဗိုလ်စာစားချင်သူများအတွက်နော်။ ပေါင်မှုန့်လည်း ကင်ပြီသားနော်။ ကြက်ဥဟတ်ဘွယ်၊ ကြက်အူချောင်းနဲ့ ပူတင်းအသားပြားလေးနဲ့နော်။ ကော်ဖီလေးနဲ့သုံးဆောင်သွားပါရှင်။

မိဆွေများအားလုံး ၀လျှင်စွာသုံးဆောင်ပြီးမှပြန်ရမယ်နော်။
ကော်ပြန့်လိပ်လုပ်စားဖြစ်ရင်လည်း စားဖို့အလည်ခေါ်အုံးနော်။
အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

Wednesday, April 14, 2010

သားလေးရဲ့ တိုးတက်မှု (၁၃လ မှ ၁၅လ ထိ)


ချစ်သားလေးအကြောင်းရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာတောင်ကြာရောပေါ့။ မအေက computer ရှေ့ရောက်တာနဲ့ သူလည်းရောက်ပြီးသားဖြစ်နေပြီလေ။ တစ်နေ့တစ်နေ့ သားလေးနဲ့ရန်ဖြစ်နေရတာ အမော…အချိန်ကုန်သွားတာတောင်...မသိဖြစ်နေရပြီကွယ်။....အခုတော့ လူပျိုပေါက်စလေး ဖြစ်နေပါပြီရှင်။ ဒီမှာက..ကလေးကို.မွေးမွေးပြီးချင်း တစ်လတစ်ကြိမ် ကာကွယ်ဆေးသုံးခါထိုးပြီး တစ်နှစ်ပြည့်ပြီးတာနဲ့ ကာကွယ်ဆေးကို တစ်လတစ်ကြိမ် သုံးခါပြန်ထိုးရတယ်။ ကလေးတစ်နှစ်ပြည့်ပြီဆိုတာနဲ့ လူကြီးဖြစ်ပြီ၊ ကလေးမဟုတ်တော့ဘူးတဲ့…လူကြီးစားသမျှအားလုံး အနည်းငယ်ဆီစမ်းပြီးကျွေးဖို့ ဆရာဝန် မှာလိုက်တယ်။ ဒါကြောင့် ဂျာမုန်းလည်း ကိုယ်စားသမျှအစားအစာကိုတော့ အနည်းငယ်စီကျွေးဖြစ်တယ်။ ငရုတ်သီးကလွဲလို့ပေါ့။

သားလေးရဲ့သွားအကြောင်း
အချိန်တွေကြာလာတာနဲ့အမျှ သားလေးရဲ့တိုးတက်မှုတွေကလည်း တစ်ခုပြီးတစ်ခုတိုးလာပြီလေ။ အခုဆို အံသွားတောင်ပေါက်နေပြီ။ ဂျာမုန်းရေတွက်ကြည့်တော့ အပေါ်အောက်အားလုံးပေါင်း ၁၆ ချောင်းပေါက်နေပြီ။ သွားစတင်ပေါက်လာကတည်းက ဆရာဝန်က သွားတိုက်ပေးဖို့မှာလိုက်တော့ ဂျာမုန်း ညတိုင်းသားလေးကို သွားတိုက်ပေးတယ်။ ကလေးဆိုတော့ သွားပွတ်တံကို မိခင်ရဲ့လက်ညိုးမှာစွပ်ပြီး....တိုက်ပေးရတဲ့ဟာမျိုးပါ။...ဒီမှာက..ကလေးသွားပွတ်တံနဲ့ကလေးသွား
တိုက်ဆေးကို....စပါယ်ရှယ်ပြုလုပ်ထားကြတယ်။....ဘာအန္တရာယ်မှမဖြစ်နိုင်ဘူးတဲ့။ အစတော့ဂျာမုန်းလည်း အရမ်းအံ့သြတာပေါ့….ကလေးကို သွားတိုက်ပေးရတယ်ဆိုလို့လေ။ အခုတော့လည်း....အရမ်းကိုကောင်းတဲ့.....လုပ်ရပ်ဖြစ်နေပြီ။ သားကလည်း သွားတိုက်ရတာ ပျော်နေပုံရတယ်။ သွားတိုက်တော့မယ်ဆိုရင် တက်ကြွနေလိုက်တာ။ လသားအရွယ်ကနေ သင်ပေးပြီးသားဖြစ်နေပြီလေ။

သားသားရဲ့အကျင့်စရိုက်နဲ့တိုးတက်မှု
သားလေးရဲ့အကျင့်စရိုက်ကတော့ တနေ့တခြားကို တိုးတက်လာပါပြီ။ ချစ်စရာကောင်းတဲ့ အမှုအရာတွေလုပ်တတ်သလို စိတ်ဆိုးတဲ့အခါမှာလည်း အံ့မခန်းအောင်ပင် လုပ်ပြတတ်သည်။
သားလေးတစ်နှစ်ပြည့်တုန်းက ရပ်နေရင်းလမ်းလျှောက်တတ်လာတယ်။ ဒါပေမယ့် အဲဒီနောက်တော့ လမ်းလျှောက်ရမှာကို ပျင်းနေတယ်။ မအေကမထူပေးတာတောင် ခွေပြီးထိုင်ချလိုက်သေးတယ်။ ခုထိကို.....လမ်းမလျှောက်ချင်သေးဘူးဖြစ်နေတယ်။ ဘာသာစကားကတော့ နားလည်လာသလိုပဲ …ဒါပေမယ့် စကားသုံးမျိုးရောနေတော့ အခက်တွေ့မယ်ထင်တယ်။ မိသားစုနဲ့ဆို ကချင်စကားပြောဖြစ်တယ်။ သူငယ်ချင်းတွေလာလည်ရင် ဗမာစကားပြောကြတယ်။ TV ကြည့်တဲ့အခါတော့ ဂျာမန်လိုကြည့်တယ်ဆိုတော့ သူ့အတွက်ခက်ပြီပေါ့။ ဒါကြောင့် ၁၊ ၂၊ ၃၊ ၄ ကိုသူ့လက်ပေါ်မှာလက်ညိုးထိုးပြီးပြောပြတတ်တယ်။ အသံကို နားထောင်ကြည့်တော့ အိုင်း၊ စ၀ိုင်း၊ ဒရိုင်း ဆိုပြီး ဂျာမန်လိုပဲအသံထွက်လာတယ်။

အစားအသောက်ကလည်း ရှယ်ကိုသောင်းကျန်းနေပြီလေ။ သူအကြိုက်ဆုံးအစားအစာတွေကတော့ ပေါင်မှုန့်၊ ပီဆာ၊ ၀က်အူချောင်းနဲ့ ငှက်ပျောသီးတို့ပါ။ ထမင်းကိုလည်းကြိုက်တယ်။ ဟင်းကောင်းရင်တော့ ရှယ်ကို စားတာလေ။

သားလေးက မနက်စောစောဆိုနို့သောက်တယ်။ နို့သောက်တာတောင် သူ့အိပ်ယာထဲမှာလှဲပြီး ဇိမ်နဲ့သောက်တာ။ နို့သောက်ပြီးပြီဆိုရင် ထပြီး TV ထဖွင့်ပြီးကြည့်နေတတ်တယ်။ ခုကတည်းက သီချင်းကိုခံစားတတ်တယ်။ TV ဖွင့်ရင်တောင် MTV ကိုမှကြိုက်တယ်။ သီချင်းသံကြားတာနဲ့ ကခုန်တော့တာပဲ။ သူအကြိုက်ဆုံးသီချင်က Lady Ga Ga ရဲ့ Bad Romantic သီချင်းပဲ။ သူငိုနေတဲ့အချိန်ု Lady GaGa သီချင်းဖွင့်ပေးလိုက်ရုံပဲ…။ နောက်တစ်ခုက…ကွန်ပျူတာကိုအရမ်းကြိုက်တယ်။ အိမ်က ကွန်ပျူတာဆို ဘယ်အချိန်ပျက်မလဲမသိဘူး..နိပ်တာမှ အဆက်မပြတ်။ ဒါကြောင့် သူ့အဖေက အွန်လိုင်းကနေ သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ ကလေးကွန်ပျူတာကို မှာပေးပြန်တော့..အဲဒီကွန်ပျူတာကို လုံးဝစိတ်မ၀င်စားဘူး….ဂျောင်ထိုးထားလိုက်ရတယ်။
ကဲ...သားသားရဲ့ပုံလေးတွေ ပြန်ကြည့်ကြမယ်နော်။


ဒီပုံလေးက ပြီးခဲ့တဲ့ အက်စ်တာဆန်းဒဲ ကျောင်းပိတ်ရက်မှာ မိသားစုလိုက်Nederland ကိုသွားလည်တုန်းက ရိုက်လာခဲ့တာပါ။ Museum ကန်နားတလျှောက်ကိုလည်ပတ်ပြီးနောက် အမှတ်တရပစ္စည်းအရောင်းဆိုင်ရှေ့က ဖိနပ်ကြီးမှာပါ။ Holland သွားရင် လက်ဆောင်ပစ္စည်းအဖြစ် ဒီဖိနပ် သော့တွဲလေးတွေက အရမ်းကိုနာမည်ကြီးတာလေ။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် တခုခုတော့ဖြစ်မယ်ထင်တယ်။

ဒီပုံက ဂျာမုန်းတို့အိမ်နားက နှင်းတောမှာ ရိုက်ထားတဲ့ပုံပေါ့။ အဲဒီအချိန်က သားလေး တစ်နှစ်နဲ့ ၂လပြည့်ခါနီး အချိန်ဖြစ်တယ်။


ဒီပုံကတော့ အိမ်မှာမျောက်လိုဆော့ရင်းTV ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီး ကနေတဲ့ပုံပါ။ မနိုင်ဘူး။ ၀ိုင်းထိန်းပေးကြပါရှင်။

ဒါကတော့ သားလေးရဲ့အရုပ်နဲ့ ဆော့စရာအချို့ပါ။

ဟော...ဒါပေါ့....သူအဖေ အွန်လိုင်းက မှာပေးတဲ့ ကလေးကွန်ပျူတာဆိုတာလေ။ အခုတော့ပိတ်ပြီး ဂျောင်ထိုးထားတယ်။

ငယ်သာ ငယ်သေးပေမယ့် စတိုင်လ်ကတော့ အပြည့်နဲ့။

မယုံရင် ပုံပြင်လိုမှတ်နော်။ Lady Gaga ရဲ့ သီချင်းကိုထိုင်ကြည့်နေတဲ့ပုံပါရှင်။ MTV မှာ Lady Gaga လာပြီဆိုတာနဲ့ ခေါ်လို့ကို မရတော့ဘူး။ သူ့အဖေ ကျောင်းကပြန်လာတာတောင် မကြိုနိုင်ဘူးလေ။ သီချင်းပြီးသွားမှ ပြေးလာတတ်တယ်။

သားလေးရဲ့အကြောင်းကို ပြောလို့မ၀သေးပေမယ့် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။
ဆက်လက်ပြီး..မိတ်ဆွေများရဲ့ သားသမီးအကြောင်းကိုလည်း ဝေငှဖို့ ဖိတ်ခေါ်ချင်တယ်။
နောက်မှ..ပြန်တွေ့ကြမယ်နော်...ချစ်မိတ်ဆွေအပေါင်းတို့ရေ.......။ စာလုံးပေါင်းအမှားရှိက....ပြင်ပေးကြနော်။
အားလုံးကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်
Type summary here


Monday, March 22, 2010

လွမ်းနေအုံးမယ်....ဆွတ်ဇလန် Luzern မြို့လေးရေ...(အပိုင်း၂)


ဆွတ်ဇလန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့စိတ်ထား
ဂျာမုန်း..ဆွတ်ဇလန်ကိုရောက်နေချိန်မှာ......လှိုက်လှိုက်လဲလဲခံစားမိတာတစ်ခုရှိတယ်။ အဲဒါက…ဆွတ်နိုင်ငံသားတွေတွေရဲ့အပြုံးနဲ့၊ မျက်နာထားလေးတွေ အကြောင်းပါ။ လမ်းမှာပဲတွေ့တွေ့၊ ရထားပေါ်မှာပဲတွေ့တွေ့ ကြည့်လိုက်တာနဲ့ အရမ်းကိုစိတ်ချမ်းသာမိတယ်။ နောက်ပြီး စကားပြောတဲ့အမူအရာရယ်၊ ကူညီချင်တဲ့သူတို့ရဲ့စိတ်ထားလေးက တကယ့်ကိုမွန်မြတ်ထိုက်ပါပေတယ်။

နောက်ပြီး ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို ကြည့်လိုက်ရင် ကြော့ရှင်းပြီး သန့်ပြန့်နေလိုက်ကြတာ။ ဒါကြောင့် ဒို့အဖွဲ့ထဲက မောင်လေးဆရာသမားတောင် ရထားပေါ်နေရာယူတော့မယ်ဆိုရင်၊ ကောင်မလေးတွေရဲ့ဘေးနားမှာ............ကပ်ပြီးနေရာယူတတ်တယ်။ သူ့ရဲ့အဓိက ရည်မှန်ချက်ကတော့..တိတ်တိတ်လေးဓါတ်ပုံခိုးရိုက်ဘို့တဲ့လေ။ ပါလာတဲ့အစ်မနှစ်ယောက်မှာတော့ ဓါတ်ပုံရိုက်ပေးရတာ အမောပေါ့။


Luzern မြို့ကိုသွာလည်းခြင်း
၁၄.၃.၂၀၁၀ နေ့မနက်မှာတော့ Zurich မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကီလိုမိတာ ၅၀ လောက်ဝေးတဲ့ Luzern မြို့လေးတစ်မြို့ကိုသွားလည်ကြဖို့ပါပဲ။ ဒီမြို့ကိုသွားဖြစ်တာကလည်း မင်းသားအောင်သူရ ရဲ့ကျေးဇူးကြောင့်ပါ။ တို့အဖွဲ့ကိုလိုက်ပို့မယ်ဆိုလေ။ ဒီမြို့ကိုသွားတဲ့လမ်းတစ်လျှောက်လုံးဟာ အတိတ်က မတွေ့ဖူး၊ မမြင်ဖူးခဲ့တဲ့ သဘာဝရှုခင်းတွေ ကိုမြင်ခွင့်ရခဲ့တယ်။ တောင်စွယ်တောင်တန်း၊ မြစ်ကမ်းနှဘေးမှာ လှပစွာ တည်ဆောက်ထားကြတဲ့ အိမ်လေးတွေရယ်၊ တောင်ခြေဖောက် ကားလမ်းတွေဟာ ဂျာမုန်းဘ၀မှာ ရုပ်ရှင်၊ ဗီဒီယို တို့မှာပဲမြင်ဖူးခဲ့တာ..အခုတော့ လက်တွေ့ကိုမြင်နေရတာပါလား…..! ဆိုပြီး..တွေးရင်းနဲ့ ကားပေါ်မှာအိပ်ပျော်သွားပြီး အိပ်မက်မက်လိုက်သေးတယ်။ တကယ်တော့ အိမ်မက်မဟုတ်ပါ။ တကယ့်လက်တွေ့ဖြစ်နေတာကို.အိပ်မက်ထဲက လန့်နိုးတော့မှသိလိုက်ရတယ်…ဟီး..ဟီး။
အဲဒီနေ့မှာ မင်းသားလည်း ဒို့အဖွဲ့ကို စိတ်ရှည်ရှည်နဲ့ အတိတ်ရဲ့အရိပ်ရုပ်ရှင်ဇတ်ကား ရိုက်ကူးခဲ့တဲ့ နေရာအနှံ့ကို လိုက်ပို့ပေးခဲ့တယ်။


ဒါကတော့ Luzern မြို့ကိုသွားနေရင်း မင်းသားကားမောင်းနေတာကို အနောက်ကနေ ဖြတ်ရိုက်ထားပုံပါ။ တောင်အောက်ကားလမ်းဖြစ်ပါတယ်။

ဆွတ်ဇလန်မှာ ဒီလိုတောင်အောက်ကိုဖောက်ပြီး ပြုလုပ်ထားတဲ့ ကားလမ်းတွေ အများကြီးပဲ။ အခုဆိုရင် တောင်ခြေကိုဖောက်ပြီး...အဆောက်အဦးတွေ၊ ဆေးရုံတွေ၊ စက်ပစ္စည်းသိမ်းထားဖို့ ဂိုဒေါင်တွေတောင် ဆောက်ပြီးနေပြီတဲ့လေ။ ဆွတ်ဇလန်နိုင်ငံမှာ တောင်တွေများတော့....တောင်ကိုအသုံးပြုကြတာပေါ့လေ။

ကဲ..တွေ့လား...ဒါက.တောင်အောက်ကားလမ်းတွေလေ။ ဒီထဲမောင်းလိုက်တာနဲ့ အမောင်ထုကြီးထဲ ၀င်သွားသလိုခံစားရတယ်။ အနဲဆုံးဒီထဲမှာတောင် မိနစ်၂၀ လောက်မောင်းရတယ်။ အထဲမှာမီးတွေတော့ရှိတာပေါ့။
လမ်းတစ်လျှောက်မှာ တွေ့မြင်ရတဲ့ သဘာဝရှုခင်းပါ။

Luzern မြို့အသွား လမ်းဘေးကဆိုင်ကြီးတစ်ဆိုင်မှာ နေ့လည်စာအဖြစ် ကြက်ကင် ၀င်စားကြသေးတယ်။ မင်းသားဝယ်ကျွေးတာလေ။ ဂျာမနီက ကြက်ကင်နဲ့တော့လုံးဝမတူဘူး။ အရမ်းကိုစားလို့ကောင်းတယ်။ ကြက်ကင်ရဲ့အပေါ်မှာ ဆော့တစ်မျိုးလောင်းထည့် ထားတယ်။ အဓိကတော့ အဲဒီဆော့က ဆွတ်ဇလန်မှာ နာမည်ကြီးမယ် ထင်တယ်။ ဈေးကလည်း မနည်းဘူးရယ်....ဒါတောင် အားလုံး Swiss franc ငွေ ၁၁၀ ကျပ်တောင် ကျတယ်။

ကဲဒါက..Luzern မြို့ရဲ့ ရေကန်တံတားလေးပါ။ ဒီမြို့ရဲ့အဓိက သော့ချက်ကတော့ ဒီတံတားကြောင့် လှပနေတာဖြစ်မယ်။ ဒီတံတာပေါ်မှာ ဆွတ်ဇလန်မိတ် နာရီဆိုင်တွေ ရှိတာနဲ့ ၀င်ကြည့်လိုက်သေးတယ်။ ဈေးကိုကြည့်လိုက်တာနဲ့လန့်ပြီး တိတ်တိတ်ကလေးပြန်ထွက်လာခဲ့တယ်။ ဈေးကြီးလွန်းလို့ပါ။ ဆွတ်ဇလန်နာရီက ကမ္ဘာမှာ နာမည် အကြီးဆုံးပဲလေ။ တစ်နေ့တော့ ဖြစ်အောင် ၀ယ်အုံးမယ်...ဟီး..ဟီး။

ဆွတ်ဇလန်နိုင်ငံကို သွားသူတိုင်းဟာ ဒီလိုလက်သဲညှပ်ကို မဖြစ်မနေ၀ယ်တတ်ကြတယ်။ အဲဒီထဲမှာ ဂျာမုန်းလည်းအပါအ၀င်ပေါ့။ လက်သဲညှပ်ကိရိယာ တစ်ခုမှာ အသုံးပြုနိုင်တဲ့ပစ္စည်တွေ အများကြီးပြုလုပ်ထားတယ်။....ကွာလတီလည်း အရမ်းကောင်းတာကြောင့် သံချေးလည်း မတက်ဘူးဘူးတဲ့။ ဆွတ်ဇလန်နိုင်ငံရဲ့ အမှတ်တရ ပစ္စည်းမှာတော့ နာမည် အကြီးဆုံး လက်ဆောင်ပေါ့။

ဒီပုံကတော့...မင်းသားအောင်သူရရဲ့ ပုံပါ။ ရေကန်နား လမ်းလျောက်နေတုန်း အမှတ်တရ ရိုက်လာခဲ့တာပါ။ ဒီနေရာလေးမျာ အူဝဲလေး ရုပ်ရှင်ရိုက်သွားတဲ့နေရာတွေပေါ့။


ဘ၀မှာ ဒီလိုလှပတဲ့ နေရာလေးတစ်ခုကို ရောက်ခဲ့ဖူးတယ်။
လှပတဲ့ မိသားစုလည်း ဂျာမုန်းမှာ ရှိတယ်။
လောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရရင် ကျေနပ်တယ်။
စိတ်ချမ်းသာချင်းဟာ ဘယ်အရာနဲ့မှ လဲလို့မရပါ။
ဘ၀ရဲ့ ပျော်ရွှင်ခြင်းဟာ ငွေမဟုတ်ပါ။ရွှေမဟုတ်ပါ။
ရှိတာလေးနဲ့ ပျော်အောင်နေတတ်ဖို့သာလျှင် အဓိကပါ။
ခရီးသွားတယ်ဆိုတာ စိတ်ဖိဆီးမူကို ခဏမေ့ထားဖို့ ဖြစ်တယ်။
ခရီးသွားများများသွားလေ၊ စိတ်ညစ်စရာတွေ မေ့ပျောက်တယ်။
ဒို့လူသားတွေဟာ ဒီကမ္ဘာကြီးထဲမှာ ခဏတာလာနားခိုကြတဲ့ ဧံ့သည်တွေပါ။
ဒါကြောင့်....ချစ်မိတ်ဆွေတို့ရေ....စိတ်ချမ်းသာဖို့ဆို....ခရီးများများသွားကြစို့ဟေး........။

လွမ်းနေအုံးမယ်.....ဆွတ်ဇလန်တောင်တန်းကြီးရေ........ပြီး၏
လာရောက်အားပေးကြတဲ့..သူငယ်ချင်းများအားလုံးကိုအထူးကျေးဇူးတင်တယ်။
ဆက်လက်ပြီးဘုရားရှင်ထံမှကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်

Type rest of post here

Friday, March 19, 2010

လွမ်းနေအုံးမယ်...ဆွတ်ဇလန်တောင်တန်းကြီးရေ (အပိုင်း၁)



ဘ၀မှာ အလှဆုံး နေရာလေးတစ်ခုကို ရောက်ခဲ့ဖူးတယ်။
လောကမှာမဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားက..တကယ့်ကိုမှန်ပါပေတယ်။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်မထားဘဲရောက်ရှိသွားခဲ့တဲ့ ဆွတ်ဇလန်နိုင်ငံကြောင့်ပါပဲရှင်။ အစတော့..ဂျာမုန်း ဆွန်ဇလန်ကိုသွားဖို့…စိတ်ကူးလုံးဝမရှိပါ။…ဂျာမုန်းနဲ့တစ်မြို့တည်းအတူနေတဲ့ ညီမလေးက…”အစ်မရေ…ဆွတ်ဇလန်သွားရအောင်..ဆွတ်ဇလန်ရဲ့နှင်းတောင်တန်းရှုခင်းတွေဟာ ဘယ်ပန်းချီကားနဲ့မှနိုင်းလို့မရဘူးနော်..အရမ်းကိုလှတာတဲ့။’’ ဂျာမုန်းစိတ်ထဲမှာ နှင်းတောင်ကတော့ ဒို့..ကလောစတယ်လ်မြို့မှာ..အမြဲမြင်နေရတာပဲလေ...ထူးဆန်းမှာမဟုတ်ဘာဘူး.. ဆိုပြီး ပြန်ပြောလိုက်တယ်။ နောက်ဆုံး..ညီမလေးက..ဘယ်လိုပဲဆွဲဆောင်ဆွဲဆောင် မရတော့တဲ့ အဆုံးမှာတော့ ….ဆွတ်ဇလန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ (Shadows of the Past) အတိတ်ရဲ့အရိပဆိုတဲ့ မြန်မာရုပ်ရှင်ကား ကြော်ငြာ လင့်လေးကိုပို့ပေးလိုက်တယ်။ ဒီလင့်လေးကိုဖွင့်ကြည့်နော်။

အဲဒီကြော်ငြာကို ဖွင့်ကြည့်လိုက်တော့မှ…ဆွတ်ဇလန်ကိုသွားလည်ချင်စိတ်…တားလို့မရအောင်ပင် ဖြစ်ခဲ့ပါသည်။ နောက်ပြီး အူဝဲလေး အိန္ဒြာကျော်ဇင်နဲ့ မင်းသားအောင်သူရတို့ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ နေရာလေးတွေကို အပြင်မှာကိုယ်တိုင်ရောက်ဖူးချင်၊မြင်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ဆွတ်ဇလန်နိုင်ငံကို သွားလည်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီခရီးစဉ်လေးအတွက် ညီမလေးကိုကျေးဇူးတင်တယ်နော်။ အစစအရာရာ ကူညီပေးတဲ့ Kaiserslautern က မောင်လေးဆရာသမားကိုလည်း ကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်။

ဆွတ်ဇလန်နိုင်ငံဟာကမ္ဘာ့အချမ်းသားဆုံးနိုင်ငံများထဲမှာပါဝင်တယ်လို့သိခဲ့ရတယ်။ ဒါကြောင့်ဲတခြားနိုင်ငံတွေကိုလည်ဖူးတာထက် ဒီနိုင်ငံလေးဟာ တမူထူးခြားဖြစ်နေတာတော့ အမှန်ပင်။EU နိုင်ငံဖြစ်ပေမယ့် Euro ကိုမသုံးပါ။ Euro ကို Swiss Franc လဲပြီးသုံးရပါတယ်။ တော်သေးတယ် ယူရိုတစ်ကျပ်ကို swiss franc ငွေတစ်ကျပ်ခွဲလောက် လဲလို့ရလို့လေ။ အဟဲ..ဟုတ်ပြီ.ဒို့သုံးယောက်က.ယူရိုလဲပြီး.ဈေးဝယ်ထွက်မယ်ပေါ့။ ဈေးဆိုင်တွေကို လျှောက်ပတ်ကြည့်ကြတယ်….ဈေးတွေကကြီးလိုက်တာ……အားလုံး ယူရို ၂၀ အထက်မှာ ပဲရှိနေတယ်။ ဒါကြောင့်ဈေးဝယ်ဖို့ကိုတော့ လက်လျော့ထားလိုက်ကြတယ်လေ။ နောက်ဆုံးနေ့မှာတော့ အမှတ်တရအနေနဲ့ ဆွတ်ဇလန်မှာနာမည်ကြီးတဲ့ လက်သည်းညှပ်လေးကို ရောဖေါအတွက်လက်ဆောင် ၀ယ်ပေးခဲ့တယ်။
နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်နေထိုင်တဲ့နေ့ရက်အပေါ်မူတည်ပြီး Citytax ကိုပါထပ်ပေးရသေးတယ်။ သိပ်တော့မများဘာဘူး..လူတစ်ယောက်အတွက် တစ်ရက်ကို ယူရို နှစ်ကျပ်ခွဲပါ။ ပထမတော့ဘယ်သိမလဲ။ ဟိုတယ်အခန်းခအတွက်ငွေရှင်းတော့မှသိရတယ်။

ကဲ...ချစ်မိတ်ဆွေတို့...ဆွတ်ဇလန်နဲ့ပတ်သက်ပြီး အကုန်အကျ၊ ငွေလဲနုန်း၊ လမ်းပန်းဆက်သွယ်ရေး၊တခြားအချက်အလက်ကိုသိလိုပါက.. .ဒီလင့်လေးထဲမှာ ၀င်ကြည့်လို့ရတယ်နော်။
ဒါက.... ဂျာမုန်းတို့တည်းခဲ့တဲ့ဟိုတယ်ပါ။
ဒီဟိုတယ်ဟာ ဇူးရစ်မြို့ရဲ့အလည်ဗဟိုမှာတည်ရှိနေတာကြောင့် သွားရလာရတာအဆင်ပြေတယ်။ ရထားဘူတာနဲ့လည်းနီးတယ်လေ။ ဈေးကလည်းအတင့်တင့်ပါပဲ။ တစ်ရက်ဆိုရင်..တစ်ယောက်ကို ယူရို၃၅ကျပ်လောက်ကျတယ်။လိပ်စာအပြည့်အစုံထည့်ပေးလိုက်တယ်။ သွားလည်မယ့်မိတ်ဆွေအတွက်ပေါ့။
(GAHO Betriebs AG
HOTEL WELCOME INN
Holbergstrasse 1
CH-8302 Kloten Tel: +41 448047575)

ဒါကတော့...မနက်စာပါရှင်။မနက်စာကို....ဟိုတယ်မှာစားလို့ရတယ်။ ဘူဖေးစတိုင်လ်လုပ်ထားပေးတယ်။ ဒါပေမယ့် ဈေးကတော့မနည်းဘူး။ မနက်စာအတွက် ၁၅ ယူရိုထပ်ပေးရတယ်။

ဒါကတော့ ဆွတ်ဇလန်က Swiss Franc ငွေဖြစ်ပါတယ်။ Swiss Franc ငွေ ၂၀ တန်ပါရှင်။
ဒီပုံကတော့ ဇူးရစ်မြို့ စက်မှုတက္ကသိုလ်ကျောင်းပေါ်ကနေ တွေ့မြင်ရတဲ့ ဇူးရစ်မြို့ရဲ့ရှုခင်းတစ်နေရာပါ။

Rigi တောင်တန်းပေါ်တက်ခြင်း
၁၃.၃.၂၀၁၀ စနေနေ့မှာ မနက် စောစော Rigi တောင်ကိုတက်ဖို့ သုံးယောက်သား အားအင်အပြည့်နဲ့ပေါ့ကွယ်။ရီဂီတောင်ဟာ အမြင့်ပေ ၆၀၀၀ နီးပါးမြင့်ပါတယ်။ ဒီလောက်မြင့်မားတဲ့ တောင်ထိပ်ကို တက်ဖို့ကတော့ စိတ်ပူနေစရာမလိုပါ။ တိုးတက်ပြီးချမ်းသာတဲ့နိုင်ငံဆိုတော့ ရထားလေးစီးပြီးတက်လိုက်ရုံလေးပါ။ မိနစ်၄၀ အတွင်း လေဟုန်စီးပြီး တောင်ထိပ်ကို ရောက်သွားတာပဲ။ အခု မြေပုံမှာတွေ့နေရတဲ့ ညာဘက်အခြမ်းက အမြင့်ဆုံးတောင်ထိပ်ကို အရင်ရောက်သွားတယ်။ အဲဒီတောင်ထိပ်ကိုတော့ Rigi Kulm လို့ခေါ်ကြတယ်။ တောင်ထိပ်ဖြစ်ပေမယ့်..စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ လဲရှိတယ်။
ဒီနေရာလေးမှာ ဓါတ်ပုံတွေ ရှယ်ရိုက်ခဲ့ကြတာပေါ့။ တစ်ယောက်ကို အပုံ၈၀ လောက်တော့ရှိမယ်ထင်တယ်။Rigi Kulm ပေါ်သုံးနာရီလောက်နေပြီး Staffel ဆိုတဲ့ နေရာကိုပြန်ဆင်းလာကြတယ်။ ပြီးတော့တောင်ထိပ်ပေါ် လမ်းလျှောက်ကြတယ်။ လမ်းလျှောက်တဲ့အနီးတ၀ိုက်မှာတော့ နှင်းလျှောဆင်းတဲ့ ကလေးတွေနဲ့ ထိပ်တိုက်တွေ့ပြန်ရော။ သူတို့ကိုကြည့်ရတာ အသဲယားလိုက်တာရှင်။ ဒါပေမယ့် သူတို့ကတော့ ပိုင်ပိုင်နိုင်နိုင်စီးနိုင်ကြတယ်လေ။ ပြီးတော့ ဟို...မြေပုံရဲ့ဘယ်ဘက်တောင်အောက်မှာတွေ့ရတဲ့ Vitznau ဆိုတဲ့ ရေကန်နားကိုရထားနဲ့ ပြန်ဆင်းကြတယ်။ ရေကန်နားတစ်လျှောက် ဓါတ်ပုံတွေရိုက်ကြတယ်။ သင်္ဘောစီးချင်တဲ့သူလည်း သင်္ဘောစီးကြပေါ့။ ပြီးတော့ တောင်ထိပ်နားအထိ ရထားနဲ့ပြန်တက်ပြီး ညနေ၂ နာရီလောက်မှာမှ Zurich မြို့ကိုပြန်လာခဲ့ကြတယ်။ တောင်တက်ရတယ်ဆိုပေမယ့် သိပ်မပင်ပန်းခဲ့ဘူး။ ရထားနဲ့ဆိုတော့လေ။
ဘ၀မှာ အလှဆုံး ဒီနေရာလေးကို ရောက်ခဲ့ဖူးတယ်ပေါ့။ ဘ၀မှာ လူဖြစ်ရကြိုးနပ်ပြီပေါ့ကွယ်။
အဲဒီနေ့တော့ ကျေနပ်စရာနေ့လေးတစ်နေ့ပေါ့။
ဘုရားကိုသိပ်ကျေးဇူးတင်မိတယ်။
ဘုရားသခင်ပို့ဆောင်ပေးလို့သာ ဒီနေရာလေးကို ရောက်ခဲ့တာပါ။

မြန်မာပြည်က ဇွဲကပင်တောင်
ဒီRigi တောင်ကိုတက်ခဲ့တုန်းက မြန်မာပြည်တုန်းက ကရင်ပြည်နယ် ဇွဲကပင်တောင်ကို ပြေးပြီးသတိရမိတယ်။ ဇွဲကပင်တောင်ကို ဂျာမုန်းကိုယ်တိုင်တက်ခဲ့ဖူးတယ်။ ဇွဲကပင်တောင်ဟာ အမြင့်ပေ ၇၀၀၀ မြင့်တယ်။ ဒီ ရီဂီတောင်ထက် အမြင့်ပေ၁၀၀၀ ပိုမြင့်တာပေါ့။ ဒါကိုစဉ်းစားပြန်တော့ ဒို့မြန်မာပြည်လည်း ဒီနိုင်ငံတွေနဲ့ အလှချင်းယှဉ်ပြိုင်လို့ရသွားပြီပေါ့။ ဇွဲကပင်တောင်ကို လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက်က တက်ခဲ့ပေမယ့် ခုထိမျက်စိထဲ မြင်ယောင်နေဆဲပါ။ အဒေါ်တစ်ယောက်ရယ်၊ ဦးလေးတစ်ယောက်ရယ် ဂျာမုန်းနဲ့ဆို သုံးယောက်ပေါ့။တောင်အောင်ကနေ တောင်ထိပ်ကိုတက်ဖို့ ၃ နာရီကြာတယ်။ ဒါတောင် မနားပဲဆက်တိုက်တက်မှနော်။ တောင်ထိပ်ရောက်တော့ ပင်ပန်းလွန်းလို့ သယ်လာတဲ့မုန့်ထုပ်တွေ၊ ငှက်ပျောသီးတွေကို အောက်ချပြီး ဇရပ်မှာ သုံးယောက်သားခဏမိန်းနေရင်းအိပ်ပျော်သွားကြတယ်။ ဗိုက်ဆာပြီးပြန်နိုးလာတော့ အနားမှာထားထားတဲ့မုန့်ထုပ်တွေမရှိတော့ဘူး။ ဟာ....သွားပြီး ဘယ်ရောက်သွားပါလိမ့်ပေါ့.. အနီးနားမှာကြည့်လိုက်တော့ ဂျာမုန်းတို့မုန့်ထုပ်တွေကို မျောက်အုပ်စုတွေ ဝေစား၊ မျှစား လုပ်နေကြတာကို တွေ့လိုက်တယ်။ မျောက်မကြီး ကိုင်ထားတဲ့ မုန့်ထုပ်အိတ်ကြီးကို ပြန်ကြည့်လိုက်တော့ မုန့်တွေ ၄....၅ ခုကျန်သေးတာတွေ့တော့ ဦးလေးကြီးကို ပြန်လုခိုင်းတာပေါ့။
ဗိုက်ကလည်းအရမ်းဆား..၀ယ်စားဖို့ဆိုင်လည်းမရှိတော့လေ။ ဦးလေးကြီးကလည်း မျောက်မထံအတင်းပြန်သွားလုတော့ မျောက်မကြီးက ဦးလေးရဲ့မျက်နာကို ကုတ်ထဲ့ ပလိုက်တယ်။ နောက်ဆုံးတော့ မုန့်ထုပ်ကိုမရတော့ပဲ...စားပြနေကြတဲ့ မျောက်အုပ်စုတွေကိုကြည့်ပြီး တံတွေးမြိုချခဲ့ရတယ်။ အဲဒီနေ့ တစ်နေ့လုံး ရေသောက်ပြီး တောင်အောက်ကိုပြန်ဆင်းခဲ့ရတယ်။ နောက်နေ့မနက်တော့ မထနိုင်တော့ဘူး..လူတစ်ယောက်ယောက်က ကိုယ့်ကို တစ်ကိုယ်လုံး ရိုက်ပုတ်ထားသလိုခံစားခဲ့ရတယ်။ အဲဒီနောက်တော့.... နောက် ၂ ပတ်လောက်အထိ လမ်းမလျှောက်နိုင်ပဲဖြစ်သွားခဲ့ရတာပေါ့။



ဒါကရီဂီရဲ့ တောင်မြေပုံပါ။


ဒါကတော့ ရီဂီတောင်ထိပ်ကို တက်တဲ့ ရထားပါရှင့်။ ဂျာမုန်းတို့လည်းဒီရထားကြီးနဲ့တက်တာပါ။


တောင်ထိပ်ပေါ်မှာနှင်းလျှောစီးဖို့အတွက်....ပြင်ဆင်နေကြတဲ့..မြင်ကွင်းတစ်ခုပါ။ ကလေးလေးတွေနှင်းလျှောစီးဆင်းလာတာကို....ကြည့်ပြီး...အသဲယားလိုက်တာ။ သူတို့ကိုကြည့်ရတာကြောက်ပုံ မပေါ်ပါဘူး။

ရီဂီတောင်ထိပ်ပေါ်မှာဆောက်ထားတဲ့ အဆောက်အဦးပါ။
တောင်ထိပ်ပေါ်ကရှုခင်း
စကိတ်စီးပြီမောရင် နားလို့ရတဲ့ အိမ်လေးပါ။

တောင်ပေါ်က အိမ်လေးပါ။
ဒါကတော့ Rigi Kulm ပေါ်ကစားသောက်ဆိုင်တန်းတွေပါ။


Rigi တောင်ပြန်လာပြီး..အဲဒီညနေမှာ Tango အကသွားကြည့်ဖို့ ည၈နာရီမှာ အတိတ်ရဲ့အရိပ်ရုပ်ရှင်ဇတ်ကားထဲက မင်းသားအောင်သူရနဲ့ ဇူးရစ်ဘူတာမှာချိန်းလိုက်ကြတယ်။ မင်းသားကလည်းဗမာစကားကို မွတ်အောင်ပြောတတ်တော့ အရမ်းကိုအဆင်ပြေပါတယ်။ မင်းသားကဆွတ်ဇလန်နိုင်ငံသားဖြစ်ပေမယ့် မြန်မာကိုချစ်တဲ့စိတ် ကိုတော့ တကယ့်ကိုလေးစားမိပါတယ်။ မြန်မာမိခင်တစ်ယောက်ရဲ့ သားဆိုတာထက်...မိခင်ကလည်း အင်မတန်ကိုတော်နေလို့ဖြစ်မယ်။..စိတ်ထားလည်းအင်မတန်ကောင်းတယ်။ ဆွတ်ဇလန်နိုင်ငံရောက်တော့ မြန်မာတစ်ယောက်နဲ့ ရင်းနှီးခွင့် ရသလိုခံစားရတယ်။ ဒို့အဖွဲ့ကို အစစအရာရာကူညီလမ်းပြပေးခဲ့တယ်လေ။


ဒါကတော့ ဂျာမုန်းတို့သွားခဲ့တဲ့ Tango ကပွဲလေးပါ။ ၀င်ကြေးတော့ တစ်ယောက်ကိုSwiss franc 20 ပေးရတယ်။ 20 franc ပေးရတယ်ဆိုပေမယ့် တန်ပါတယ်။ တွေ့ဖူးမြင်ဖူးသွားတာပေါ့။ မင်းသားကိုယ်တိုင်လည်း ကပြတာကို မြင်ခွင့်ရခဲ့တယ်။

Tango ကပွဲမှာတော့ ခုံလေးမှာဝိုင်းထိုင်ကြတယ်။ အလယ်မှာတော့ ကချင်တဲ့လူထကပေါ့။ ဂျာမုန်းတို့ကတော့ မျက်စိအစာကျွေးရုံပဲပေါ့။ ကမှမကတတ်တာကိုး..။ သင်ရင်တောင် ကတတ်မှာမဟုတ်ဖူး တော်တော့ကိုခက်တာ။

အဲဒီနေ့လေးရဲ့..ပျော်ရွှင်မှုဟာ ဘာနဲ့မှနိုင်းလို့မရပါ။
လွမ်းနေအုံးမယ်....ဆွတ်ဇလန်တောင်တန်းကြီးရေ...အပိုင်း(၁) ပြီး၏

ကြွရောက်အားပေးကြသူအပေါင်းရွှင်လန်ချမ်းမြေ့ကြစေသား။
ဆုမွန်ကောင်းတောင်လျှက်
ဂျာမုန်းဒန်


Type rest of post here