Sunday, May 16, 2010

ဂျာမုန်းဒန်ရဲ့ မွေးနေ့ပါတီပွဲလေး



**မွေးနေ့ပွဲလာ ချစ်မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။**

မနေ့က စနေနေ့ညနေ ၅ နာရီမှာ ဂျာမုန်းရဲ့ မွေးနေ့ပွဲလေးကို အိမ်မှာကျင်းပဖြစ်တယ်။ စနေ့နေ့မှာကျင်းပဖြစ်လို့ စနေသမီးတော့ မဟုတ်ပါ။ မွေးနေ့က မေလ ၁၅ ရက်ဆိုတော့ စနေနေ့မှာ လုပ်ဖြစ်သွားတာပါ။ မွေးနေ့မရောက်ခင်မှာတော့ မွေးနေ့ကိုလုပ်ဖို့ စိတ်မကူးခဲ့ဘူး။ စိတ်ထဲမှာ ''ဟာ...ငါအသက်တစ်နှစ်ပိုကြီးသွားပြီပေါ့...'' ဆိုပြီး ကိုယ့်ကိုယ်ကို တွေးနေမိတာကြောင့်ပါ။

မွေးနေ့ပွဲရောက်ဖို့ တစ်ရက်အလိုမှာ ဂျာမုန်းစိတ်တွေ ပြောင်းသွားပြန်ရော။ ဘုရားရဲ့ နုတ်ကပတ်တော်ထဲမှာ.လူ့အသက်ဆိုတာ ဘုရားပေးမှ ရတယ်တဲ့။ လူတွေဟာ ဒီနေ့ ဘာဖြစ်မယ်၊ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ဘုရားသခင်သာ အသိဆုံးပါ။ အသက်ကြီးမှ ကွယ်လွန်တတ်သလို၊ အသက်ငယ်ပေမယ့် သေသွားတဲ့သူပေါင်းလဲ မနည်းဘူးပေါ့။ ဘုရားပေးတဲ့ ဒီအသက်ကို ကျေးဇူးတင်ပြီး ချီးမွမ်းချင်စိတ်ဖြစ်လာတာကြောင့် လုပ်ဖြစ်သွားတာပါ။


တကယ်တော့
အသက်ကြီးတယ်ဆိုတာ ရှက်စရာမလိုပါ။ ပိုလို့တောင် ဘုရားကို ကျေးဇူတင်ရမှာ။ လူတွေဟာ တနေ့ မုချမလွဲသေရမှာပဲလေ။ ကိုယ်အသက်ရှင်တဲ့ ကာလတလျှောက်မှာ စိတ်ထားလှလှလေးနဲ့ ဘ၀ကိုဖြတ်သန်းကြဖို့ပဲ အရေးကြီးတာပါ။ အသက်ကို ကိုယ်ကမပိုင်ဘူးလေ။ ကဲ. အခုဆို ဂျာမုန်း ရေဒီယို နားထောင်ဖို့တောင် အင်အားမရှိဘူး။ ဒီမိသားစုလေး နိုင်ငံခြားမှာ ပျော်ပျော်နေခွင့်ရပေမယ့် အမိမြန်မာပြည်မှာ ရှိနေကြတဲ့ ဆွေမျိုးတွေအတွက် စိတ်ပူလွမ်းလို့ပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာတဲ့ ဒီအပူချိန်တွေ လွန်ကဲနေတာကြောင့်ပေါ့။ မြန်မာပြည်အလယ်ပိုင်းမှာ သက်ကြီးရွယ်အိုမရွေး သေးဆုံးနေတယ်ဆိုတဲ့ သတင်းကို နားနဲ့ မဆန့်အောင်ပင် ကြားနေရတယ်။

ဒါကြောင့် ဂျာမုန်းမွေးနေ့မှာ သူတို့တွေအတွက် ဆုတောင်းပေးချင်တယ်။ မြန်မာပြည်အတွက် ဆုတောင်းရမယ်... ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမွေးနေ့ပွဲကို သူငယ်ချင်းတွေ ၁၀ ယောက်နဲ့ ကျင်းပဖြစ်သွားတာပါ။ မွေးနေ့ရဲ့ မနက်ပိုင်းမှာ အားလုံးအတွက် အစာရှောင်ပြီး ကျမ်းစာဖတ်ပြီး ဆုတောင်းခဲ့တယ်။ ညနေ ၅ နာရီမှာတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီပွဲကို လုပ်ဖြစ်ခဲ့တယ်။ မွေးနေ့မှာ အကင် နဲ့ စပါကတီ ခေါက်ဆွဲကြော် ကျွေးတယ်။ သူငယ်ချင်းတွေအားလုံးလဲ အရမ်းကို ကြိုက်ကြတယ်လေ။

ပြီးတော့ မွေးနေ့ ကိတ်လေးကို ဂျာမုန်းကိုယ်တိုင် အလှဆင် ပြုလုပ်ထားတာပါ။ ဘ၀မှာ ဒီလိုကိတ်မျိုးတခါမှ မလုပ်ခဲ့ဖူးဘူးပေမယ့် ဒီတခါတော့ လက်စွမ်းပြလိုက်ပြီ။ ဂျာမုန်းရဲ့ လက်စွမ်းပြထားတဲ့ ကိတ်ကို မိတ်ဆွေများလည်း ၀လျှင်စွာစားပြီးမှ ပြန်ရမယ်နော။
နောက်ပြီး အကင်ကင်စားဖို့လည်း မမေ့ကြနဲ့အုံး။ ကျွေးချင်လို့ပါကွယ်။



ဒါကတော့ ဂျာမုန်းကိုယ်တိုင် မွေးနေ့ကိတ်လေးကို ပြုလုပ်နေ့တဲ့ ပုံပါ။ အလည်ကပုံက ကိတ်ပေါ်တင်ဖို့ အဆင်တင့် ပြုလုပ်ထားပြီးသားကို ဈေးက၀ယ်လာတာပါ။ ဘေးဆုံးကပုံကတော့ ပြုလုပ်ပြီးပုံပါ။ အပေါ်ကစာလုံးကို ရေးရတာအရမ်းခက်တာပဲ။ မလုပ်ဖူးတော့ လက်ကတုန်နေတာနဲ့ သားသားရဲ့ အဖေပဲ ရေးပေးလိုက်တယ်။ ဒါတောင် မလှသေးဘူး...ဟီး။


မွေးနေ့ကိတ် လှီးဖို့ပြင်ဆင်ထားတာပါ။


ကိတ်ကို အလွှာလေးလွှာနဲ့ ပြုလုပ်ထားတာလေ။ အထဲက အလွှာမှာ အသီးဗူးနဲ့ ခရမင် တစ်မျိုးစိထည့်ထားတယ်။ အပေါ်ဆုံးကတော့ စတော်ပယ်ရီဂျယ်ပါ။ သူငယ်ချင်းတွေ ကြိုက်ကြတော့ ဂျာမုန်းလည်းဝမ်းသာတယ်။

ဒါကတော့ အကင်စုံ ပါရှင်။ မွေးနေ့ မှာရှယ်စားဖို့ ပြင်ဆင်ထားတာပါ။ ဒီတခါ ပန်းအလှဆင်တာက သခွားသီးပါ။ စားလို့လဲရအောင်၊ မျက်စိအစာလည်းကျွေးလို့ရအောင် ဖန်တီးထားတာပါ။ ဒီအကင်အားလုံးကို လူဆယ်ယောက်စားဖို့ပါ။ ထမင်းလွတ်ပေါ့။ ကင်စားပြီးမှ ပြန်ရမယ်နော်။


ဒါက ကြက်သားကင်ပါ။


ဒါလည်း ကြက်သားကင်နောက်တစ်မျိုးပါ။ အရသာကို မတူအောင် နယ်ထားတယ်။


ဒါကတော့ ၀က်သားကြိုက်သူတို့ အတွက်နော်။ ပထမဆုံးလင်ဗန်းထဲက ဆီခွက်က အသားကင်နေစဉ် အကင်ပေါ်မှာ နည်းနည်းဆီ လိုက်တို့ဖို့ ဆီမွှေးပါ။ အရသာပိုထူးခြားအောင်ပေါ့။ အလည်ကတော့ အချဉ်ရည်ပါ။


ဒါကတော့ အကင်ကို ပုံစံအမျိုးမျိုးရိုက်ထားပုံပါ။



အကင်တစ်မျိုးစီရဲ့ အသေးစိတ်ကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားပေးပါတယ်။ ကြိုက်တာကင်စားသွားနော်။


ဒါကတော့ စပါကတီခေါက်ဆွဲကြော်ပါ။
အသားလုံးတွေနဲ့နော်။ ကြိုက်သလောက်သာ စားကြပေးတော့ မိတ်ဆွေ။

ပုံက ဘယ်လိုထည့်ထည့် ဇောက်ထိုးပဲဖြစ်နေတယ်။ ကြည့်ပြီးမှသာ စားသွားကြပါရှင်။ ဗိုက်ဝဖို့က အရေးကြီးတယ်။

ဒါတော့ ဂျာမုန်းရဲ့ မွေးနေ့လက်ဆောင်တွေပါ။ လက်ဆောင်တွေအားလုံးက ဂျာမုန်းအကြိုက်တွေပဲ။ လက်ဆောင်လာပေးကြတဲ့ အထဲမှာ အံ့သြေစရာကောင်းတာက ဖဲန်စီတစ်စုံ ရလိုက်လို့ပဲ။ တစ်ယောက်က ဟဲန်းချိန်း၊ တစ်ယောက်က ဆွဲကြိုး၊ နောက်တစ်ယောက်က နားကပ်လေ။ ၀ယ်လာတာမသိကြပေမယ့် မွေးနေ့ရှင်အတွက် ရိုမက်တစ်ဆန်သွားတာပေါ့။ ဂျာမုန်းအရမ်းကို ပျော်ပါတယ်။ အိမ်က သားသားအဖေရဲ့လက်ဆောင်ကတော့ ဂျာမုန်းကြိုက်တဲ့ Electronic Dictionary ပေါ့။ လက်ဆောင်အတွက် ဂျာမုန်းအားလုံးကို ကျေးဇူးတင်တယ်လို့ ထပ်ပြောပါရစေနော်။

အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Saturday, May 8, 2010

သစ်သီးကိတ်၊ ပန်းသီးကိတ်၊ ချော့ကလက်ကိတ်နော်


ဒီနေ့တော့ ချစ်မိတ်ဆွေတို့ကို မိခင်များနေ့အတွက် အထူးစပါယ်ရှယ်ပြုလုပ်ထားတဲ့ ကိတ်မုန့်မျိုးစုံနဲ့ ဧည့်ခံလိုက်ပါရစေရှင်။
လောကမှာရှိတဲ့ မိခင်များကို ဂုဏ်ပြုရင်း ဒီလိုရိုမန့်တစ်ဆန်ဆန်လေး ပြုလုပ်ပြီး အတူတကွ ထိုင်စားကြမယ်လေ။ စားချင်စဖွယ်ပြင်ဆင်ခြင်းဟာ မစားချင်တဲ့စိတ်ကို စားချင်အောင် ညို့ယူစွဲဆောင်နိုင်တယ်တဲ့။
မိသားစုသုံးယောက်တည်းရှိတာမို့ တခါဖုတ်ရင် မိတ်ဆွေများအတွက်ပါ များများပိုလုပ်ထားတယ်။ အ၀ဆွဲသွားကြပါရှင်။


ကဲ..အ၀ကိုဆွဲသွားကြနော်။
ပထမဆုံးပန်းကန်က သစ်သီးကိတ်ပါ။ ဒုတိယပန်းကန်ကတော့ ချော့ကလက်နဲ့၊ ဗမ်နီလာကို ရောပြီးလုပ်ထားတာပါ။ အရသာကတော့ စိမ့်၊ ချို လေးမို့ စားပြီးထပ်စားချင်ပဲဟေး.....။

ကဲ ဟော်ဒီမှာ နောက်တပွဲနော်။ ကော်ဖီပူပူလေးပါ ဖျော်ထားပေးတယ်။ ကော်ဖီသောက်တိုင်းလွမ်းနေပို့ပေါ့။

ဒါက ချော့ကလက်ကိတ်ပါ။ အပေါ်မှာ သစ်သီးဂျယ်လေးနဲ့နော်။ ပထမဆုံးလုပ်တာမို့ တိပ်တော့မလှဘူး။ မလှပေမယ့် အရသာကကောင်းပါတယ်။
လှတာမက်ရင် ညစာခက်သွားမယ်..မြန်မြန်သာနိုက်စားကြပါရှင်။ ဗိုက်ဝဖို့ကအဓိကပါနော်။

ဒီကိတ်မုန့်က ဂျာမုန်းရဲ့ ခင်ပွန်း ခရီးသွားတဲ့နေ့က ထည့်ပေးလိုက်တဲ့ ကိတ်မုန့်ဗူးပါ။

ဒါကတော့ ပန်းသီးကိတ်ပါ။
ဂျာမုန်းရဲ့တရုတ်သူငယ်ချင်းတစ်ယောက် အိမ်ကိုအလည်လာတဲ့အချိန် လုပ်ကျွေးသွားတာပါ။


ကိတ်မုန့်ပြုလုပ်နည်းအဆင့်ဆင့်နော်။
ကိတ်မုန့်ဖုတ်ရန် လိုအပ်တဲ့ပစ္စည်းများမှာ၊
မုန့်ဖုတ်သည့်လင်ဗန်း
ဂျုံ ၁၂၀ မီလီလီတာ
ပွဆေး (back pulver) ထုတ်သေးတစ်ထုတ်၏လေးပုံတစ်ပုံ
ကြက်ဥ ၄ လုံး
Vinegar ရည် ထမင်းစားဇွန်းလေးပုံသုံးပုံ
သကြား ၆၀ ml
Vanilla Suger 1 Tee Spoon ( 30 ml)
ဆီ (သို့) ထောပတ် 3 Table Spoon (45 ml)
နွားနို့ 2 Table Spoon( 30 ml)
ဆားအနည်းငယ် တို့လိုအပ်ပါတယ်။

မုန့်နှစ်အရောအနှော
(က) ဂျုံ၊ ပွဆေး တို့ကို ရောနှောပြီး ပန်းကန်လုံးထဲတွင် စကာကာထည့်နော်။
(ခ) ကြက်ဥနှစ်ကို ဖယ်ထားပြီး အကာရည်ကို ပန်းကန်လုံးထဲထည့်နော်။ ပြီးနောက် Vinegar ရည်နှင့် သကြားကို ထည့်ပြီးနာနာခေါက်ထားမယ်။
(ဂ) ကြက်ဥနှစ် အ၀ါရောင်ထဲသို့ သကြားဇွန်း၂ဇွန်းထပ်ထည့်မယ်။ Vanilla သကြားတစ်ဇွန်း၊ ထောပတ်သုံးဇွန်းနှင့် နွားနို့ ၂ဇွန်းတို့ကို ထည့်ပြီး နာနာခေါက်ထားမယ်။

ပြုလုပ်ပုံနည်းလမ်း
၁။ (ဂ) ပန်းကန်ထဲသို့ ရောနှောထားတဲ့ (က) ပန်းကန်ကို ထည့်ပြီး မွှေတဲ့ကိရိယာဖြင့်နာနာထပ်မွှေပေးပါ။
၂။ ပြီးနောက် ပြစ်အောင်ရောနှောထားပြီးဖြစ်တဲ့ ဂျုံကို (ခ) ပန်းကန်ထဲ့ထည့်ပြီး ပြန်မွှေပေးရမယ်။
၃။ အားလုံးအဆင်တင့်ဖြစ်ပြီဆိုရင် စပျစ်သီးခြောက်၊ လိမ္မော်သီးခြောက်နှင့်အခြား သစ်သီးခြောက်များကို ထည့်နိုင်ပါသည်။ ပြီးရင်မွှေပြီး ဖုတ်မည့်လင်ဗန်းတွင် ဆီသုတ်ပြီး ရောထားသည့်မုန့်နှစ်ကို လောင်းထည့်လိုက်ပါ။
ပန်းသီးကိတ်ကို ပြုလုပ်ချင်ရင် ပန်းသီးကို ပါးပါးလှီးပြီး မုန့်နှစ်ပေါ်တွင် လှလှလေးတင်ပေးနော်။
ပြီးရင်တော့ ဖုတ်လို့ ရပါပြီ။
၎။ သတိနော်။ အရေးကြီးတဲ့အချက်တစ်ခုက မုန့်မဖုတ်မှီ Oven ကို မီးအရှိန် ၁၇၅
အပူ ပေးထားရမယ်။ ပြီးမှ မုန့်ဖုတ်လင်ဗန်းကို ထည့်နော်။ ကြာချိန် ၄၅မိနစ်လောက် ထားရမှာဖြစ်တယ်။ ၄၅ မိနှစ်ပြည့်ပြီဆိုရင် ဖွင့်ကြည့်လို့ရပါပြီ။ ကျက်ပြီးဆိုရင် မီးပိတ်ပြီး Oven ထဲမှာ အအေး ခံထားရပါမယ်။ အေးသွားပြီဆိုမှအပြင်ထုတ်ပါ။ မွှေးကြိုင်သင်းပြန့်ပြီး၊ အနှံ့အရသာနှင့်ပြည့်စုံတဲ့ သစ်သီးကိတ်လေး ရရှိသွားပါပြီ။ ပန်းကန်းထဲ သေချာလှီးထည့်ပြီး စားသုံးနိုင်ပါပြီးရှင်။


ဒါကတော့ မုန့်ဖုတ်ပုံ အဆင့်ဆင့်ပါ။ ပထမပုံက မုန့်နှစ်လောင်းထည့်ထားပုံ။ ဒုတိယပုံက ဖုတ်ပြီးသားပုံပါ။ တတိယပုံကတော့ စားလို့ရပြီဆိုတဲ့သဘောပါ။ နိုက်စားလို့ရပါတယ်ရှင်။ အားမနားနဲ့နော်။

ကဲ..အားလုံးပဲ ကိတ်မုန့်ဖုတ်စားနိုင်ကြပါစေနော်။
လိုအပ်တာရှိရင် မေးဖို့အားမနာနဲ့နော်။
လာရောက်အားပေးကြသူ အားလုံးကိုကျေးဇူးတင်လျှက်
ဂျာမုန်းဒန်
Type rest of post here

Tuesday, May 4, 2010

အမဲနှပ်နည်းနှင့်အခြားဟင်းလျာ(၁၀)မျိုးနော်



ကဲ..လာကြ.. လာကြ ..မိတ်ဆွေ တို့ရေ။ စားမယ်၊ ၀ါးမယ် ဟင်းကောင်းနဲ့ကွယ်။ ဗိုက်ဆာသူများအမြန်သာ လှန်းလာခဲပါကွယ်။

ဒါကအမဲသားနှပ်ပါနော်။
အမဲနှပ်အတွက်လိုအပ်တဲ့ပစ္စည်း
အမဲသား ငါးဆယ်သား
ဆီ တစ်ဆယ်သား
ရှလကာရည် နှစ်ဇွန်း
ချင်း နှစ်တက်
ကြက်သွန်နီငါးဥ
ကြက်သွန်ဖြူ နှစ်ဥ
လေးညှင်းပွင့်ငါးပွင့်
သစ်ကြံပိုးသုံးလေးခေါက်
ကရဝေးသုံးလေးရွက်နှင့်
ငရုတ်ကောင်းတို့လိုအပ်ပါတယ်။

ချက်နည်းနော်

အမဲသားကိုရေဆေး ခပ်ကြီးကြီးတုံးပြီး ချက်မည့်အိုးထဲထည့်နော်။ ဆီ၊ နနွင်းနှင့် ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူနီ၊ ချင်းတို့ကို ညက်အောင်ရောထောင်းပြီး အမဲသားအိုးထဲထည့်နော်။ ပြီးရင်သမအောင် ရောပြီး မီးငွေ့ငွေ့နှင့်နပ်ပါ။ ပထမရေခန်းတွင် အပေါ့အငန်မြည်း၊ ဒုတိယ ရေခန်းတွင် အသားနုးမနုး စမ်းသပ်ပါ။ နုးလျှင် ကရဝေး၊ သစ်ကြံပိုး၊ လေးညှင်းပွင့် နှင့် ငရုတ်ကောင်းတို့ထည့်ပြီး ဆီပြန်အောင်နှပ်ပါလေ။ အားလုံးအိုကေပြီဆိုရင် သန့်ပြန့်တဲ့ ပန်းကန်လေးထဲထည့်မယ်။ ပြီးတော့ နံနံပင်လေးပါအုပ်ပြီး ထမင်းဖြူလေးနဲ့ မွှေးကြိုင်သင်းပြန့်တဲ့ အမဲသားနှပ်လေးကို ခေါင်းမဖော်စတမ်း သုံးဆောင်ပါတော့ရှင်။

ဒါက.. ကြက်ဥထမင်းကြော်ပါ။ စားနိုင်သလောက်သာ ထည့်စားနော်။
ကြက်ဥထမင်းကြော်တော့မယ်ဆိုရင်.... ကြက်သွန်နီဆီသပ်၊ ကြက်ဥကို ဆားထည့်၊ နာနာခေါက်ပြီး ကြက်သွန်နီထဲထည့်ကြော်နော်။ ထမင်းကိုလက်နဲ့ချေ ပြီးရင် ဆား၊ အချိုမှုန့်နှင့် ပဲငံပြာရည်လေးနဲ့ နယ်ထားမယ်။ ကြက်သွန်နီထဲ ကြက်ဥထည့်ပြီးမွှေပြီးတာနဲ့ ရောထာတဲ့ထမင်းထည့်ပြီးမွှေပေးနော်။ ပြီးရင် သုံးဆောင်လို့ရပါပြီ။

ဒါက ကြက်တောင်ပံကြော်ပါ။ သခွားသီးလေးနဲ့နော်။
ဒီကြက်တောင်ပံကိုတော့ ရောနယ်ထားပြီးသား ၀ယ်လာတာမို့ ဒီတိုင်း ဆီနဲ့ကြော်လိုက်တယ်။

ဒါက ၀က်သားလုံးကော်ရည်ချက်ပါ။
ဝက်သားလုံးကော်ရည်ချက်တော့မယ်ဆိုရင်.... ကြိတ်ထားပြီးဝက်သား ထဲတွင် ဂျုံ၊ ဆား၊ အချိုမှုန့်နှင့် ချင်းကိုအရည်ညှစ်ထည့် ပြီးရင်သမအောင် နယ်ထားမယ်။ ပြီးရင် အလုံးကလေးများ ပြုလုပ်ပြီး ဆီနှင့် ကြော်ထားမယ်။ ကော်မှုန့်ကိုအရည် လုပ်ထားမယ်။ ကြက်သွန်နီကို လေးထောင့် လှီးထား၊ ကြက်သွန်ဖြူကို ပါးပါးလှီးထား၊ ချင်းကိုပါ အချောင်းလေးတွေလှီးထားမယ်။ ခရမ်းချဉ်သီးကို လေးထောင့်ဖြစ်အောင်လှီးထားမယ်။ ဒယ်အိုထဲဆီထည့်၊ ချင်းနှင်းကြက်သွန်ဖြူကို အရင်ထည့်၊ ကြက်သွန်နီကိုပြန်ထည့်မယ်။ အနည်းငယ်ညိုလာပြီဆိုရင် လှီးထားတဲ့ခရမ်းချဉ်သီး ပြန်ထည့်မယ်။ ခရမ်းချဉ်သီးအိလာပြီဆိုရင် အသားလုံးလေးတွေထည့်နော်။ ငံပြာရည်၊ ဆား တို့ကို လိုသလောက်ထည့်ပြီး အနည်းငယ်လှော်ပေးမယ်။ ပြီးရင် ကော်ရည်ကိုလောင်းထည့်ပြီးပြန်မွှေပေး။ မွှေပြီးခဏတွင် မီးပိတ်လို့ရပါပြီ။

ဒါက ၀က်သားစဉ်းကောနှင့် ပဲပင်ပေါက်ကြော်ပါ။ ဒါကိုတော့ ချက်နည်းမရေးတော့ဘူးနော်။ အားလုံးချက်တတ်မယ်လို့မျှော်လင့်တယ်။



ဒါဟင်းပွဲကတော့ အရမ်းကို ထမင်းစားမြိန်တဲ့ ဟင်းပွဲနော်။ တခြားမြို့ကနေ လာလည်တဲ့ သူငယ်ချင်းအတွက် ချက်စားဖြစ်တဲ့ဟင်းပေါ့။ ဘာဟင်းတွေလဲဆိုတော့ ငါးဆားနယ်ဆီပြန်ချက်၊ ၀က်သားအာလူးဆီပြန်၊ ပုဇွန်ချောက်ဟင်းခါးရည်၊ ကြက်ဥမွေကြော်ပါ။ ကြက်ဥမွေကြော်ထဲမှာ ငရုတ်သီး လေးတောင့်၊ ကြက်သွန်နီကို သေးသေးလေးလှီးထည့်တယ်၊ ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်တယ်။ ပြီးတော့ ကြက်သားမှုန့်လေးထည့်၊ နာနာခေါက်ပြီးကြော်ထားတာပါ။ ဒီကြက်ဥကြော်လေးကောင်းပုံကတော့ လာလည်တဲ့သူငယ်ချင်းကတောင် တော်တောချီးကျူးသွားတယ်.. ဟီး..ဟီး။ မိတ်ဆွေများလည်း ကြိုက်ကြမယ်လို့မျော်လင့်တယ်။
မယုံရင် ထိုင်စားကြည့်နော်၊ အိမ်ကထမင်းတော့ မခဲ့.အုံး။

ဒါက ကြက်မာ ဟင်းချိုပါ။
ဒီနိုင်ငံမှာ ကြက်ကိုနှစ်မျိုးဝယ်လို့ရတယ်။ ရိုးရိုးကြက်နဲ့ ကြက်မာပေါ့။ ကြက်မာကိုတော့ Suppen Hähnchen လို့ရေးထားတယ်။ ဟင်းရည်အတွက် သီးသန့်ကြက်ပေါ့။ ဒီကြက်ကို စွပ်လုပ်သောက်တော့ အရသာက အရမ်းကိုကောင်းပြီး ထူခြားတယ်။ ဂျာမုန်းဆိုအရမ်းကို ကြိုက်တယ်။ ခဏခဏလုပ်သောက်တယ်။ ကြက်ပေါင်းခေါက်ဆွဲချက်တိုင်း ဒီကြက်သားနဲ့ပဲ
လေ။ အားလည်းရှိတယ်။ မြန်မာပြည်မှာဆို အိမ်ကြက်ပေါ့။ အားရှိအောင်သောက်သွားနော်။


ဒါက ၀က်သားလုံးဟင်းချိုပါ။ အားရှိအောင်သောက်သွားအုံးနော်။

အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

Tuesday, April 27, 2010

ဘဲသားပေါင်းနှင့် ခေါက်ဆွဲချက်အမျိုးမျိုးနော်


ချစ်မိတ်ဆွေတို့ရေ... ဒီနေ့တော့ ဘဲပေါင်းဟင်းနဲ့ ခေါက်ဆွဲအမျိုးမျိုးကို ရှယ်ချက်စား ကြမယ်နော်။အားလုံးကြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

ကဲ..ဟောဒါက..ဘဲပေါင်းဟင်းပါရှင်။
ချက်နည်းလေးပြောပြမယ်။ ..........ဘဲပေါင်းချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေက...ဘဲသား ၅၀ကျပ်သား၊ အနှံ့အသက်ပျောက်ဖို့အတွက် နာနတ်ပွင့်၂ပွင့်၊ ကြက်သွန်ဖြူ၊ နီ၊ ဆီအနည်းငယ်၊ ချင်း၊ ဆား၊ ငံပြာရည်၊ နနွင်းနှင် ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။
ဘဲပေါင်းကို စချက်တော့မယ်ဆိုရင် ပေါင်းမည့်အိုးထဲတွင် ဆီအနည်းငယ်ထည့်မယ်။ ဆီပူလာရင် ကြက်သွန်ဖြူနှင့်ချင်းကို ထောင်းပြီး ဆီပူထဲအရင်ထည့်မယ်။ နာနတ်ပွင့်ကိုပါထည့်နော်။ နနွင်းမှုန့်အနည်းငယ် ကိုလည်းထည့်မယ်။ ကြက်သွန်ဖြူဝါပြီး မွှေးလာပြီဆိုရင် ပိုင်းပြီးသားဖြစ်တဲ့ ဘဲသားများကို ဆီအိုးထဲထည့်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည်တွေကို လိုသလောက် ထည့်နော်။ ပြီးရင်ဆက်မွှေပေးပါ။ ဒီလိုဆီသပ်လိုက်တဲ့အခါ တမူထူးခြားပြီး အရသာထူးကဲပါတယ်။
ပြီးရင်တော့ ဘဲသားများမြုတ်သွားသည် အထိရေထည့်ပါ။ ကြက်သွန်နီကို အခွံနွာ၊ ထက်ခြမ်းခွဲပြီး ထည့်နော်။ အလုံးကြီးက လေးစိတ်စိတ်ပြီးထည့်ပါ။ ပြီးရင် အိုးအဖုံးပိတ်ပြီး နုးနေအောင်ပေါင်းပါ။ ကျက်ပြီ၊ နုးပြီဆိုရင် ကြက်သွန်မိတ်၊ နံနံမိတ်တို့ထည့်ပြီး ရှယ်စားသုံးလို့ရပါပြီရှင်။ ကဲ... အနှံအရသာနှင့်ပြည့်စုံတဲ့ ဘဲပေါင်းဟင်းကို အားရှိအောင်သာ သောက်လိုက်ပါတော့လား ချစ်မိတ်ဆွေတို့ရေ။

ဒါက ခေါက်ဆွဲအတွက် လိုအပ်တဲ့အစာပလာတွေပါ။ မြေပဲထောင်း၊ ခရမ်းချဉ်သီးချက်၊ ကြက်သွန်ဖြူဆီသပ်၊ နမ်းလျှော်ထောင်း၊ ငရုပ်ကောင်းမှုန့်၊ ပဲငပိဘူး၊ ငရုတ်သီးမှုန့်တို့ ဖြစ်ပါတယ်။
ဂျာမုန်းကတော့ အားတဲ့အချိန်တွေဆို ဒီလိုဆီချက်လေးကို လုပ်ထားပြီး မိမိကြိုက်နှစ်သက်တဲ့ အချိန်တိုင်း ခေါက်ဆွဲကို ကြိုက်သလို အမျိုးမျိုးလုပ်စားတတ်တယ်လေ။

ဒါကတော့ ဘဲပေါင်းဆန်ခေါက်ဆွဲပေါ့ရှင်။ ရှယ်ပဲနော်... အ၀ကို စားသွားသိလား။ ဘဲပေါင်သားလေးနဲ့နော်။ ရှလွတ်...ရှလွတ်...။

ဒါကတော့......မြီးရှည်ပါ။ ၀က်သားကို ကျော်ပြီးထည့်ထားတာပါ။ အရမ်းကိုကောင်းတယ်။ စားသွားနော်။

ဒါကတော့ အမဲအူခေါက်ဆွဲအတွက် လိုအပ်တဲ့အစာပလာတွေနော်။ ကင်မ်ချီကိုပါသုပ်ထားတယ်။

ကဲ..စားလို့ရပါပြီ. အမဲကလီဇာ ခေါက်ဆွဲပါရှင်။

ဒါကတော့ သတ်သတ်လွတ် ခေါက်ဆွဲဟင်းခါးပါ။ နေမကောင်းသူတို့အတွက်နော်။


ကဲ.. ဒါက. ၀က်သားဗူးနဲ့လုပ်ထားတဲ့ မြီးရှယ်ခေါက်ဆွဲပါ။ သခွားသီးသုပ်နဲ့ သုံးဆောင်သွားပါအုံးလား။

ကဲ..မိတ်ဆွေတို့ရေ.။ အားမနာစတမ်း အ၀ကိုစားသွားကြပါရှင်။ အ၀စားမည့်သူရှိမှ လုပ်ကျွေးတဲ့သူလည်း အားရှိမှာပေါ့.လို့။ အားလုံးပဲ...တတာနော်။ ဆက်ချက်လိုက်အုံးမယ်။ ချစ်မိတ်ဆွေတို့အတွက်ပါ။

လာရောက်အားပေးကြတဲ့ သူတိုင်းအပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here

Monday, April 19, 2010

Spring Roll (ကော်ပြန့်ကြော်နော်)



တခါတလေ ထမင်းမစားပဲ ကော်ပြန့်လိပ်ကြော် အ၀ကြော်စားကြမယ်မိဆွေတို့ရေ..။ ကော်ပြန့်လိပ်ကြော်နည်းက အမျိုးမျိုးရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလိုပေါ့။ ဒီတခါတော့ Nederland နိုင်ငံသွားတုန်းက အကိုကြီးလုပ်ကျွေးတဲ့ ကော်ပြန့်ကြော်ကို ပြန်စားချင်တာနဲ့ ပြန်လုပ်စားဖြစ်တယ်။ ဂဏန်းသားလည်းထည့်တော့ အရသာက တမူထူးခြားပြီး အရမ်းကို မွှေးတာနော်။ အရမ်းလည်းစားလို့ကောင်းတယ်။ သားလေးကလည်း အရမ်းကို ကြိုက်စား နေတာလေ။ ဒါကြောင့် ခုသလော ခဏခဏလုပ်စားဖြစ်တယ်။ ကောင်းပြီဟေ့…ဆိုရင်လည်း ဘလော့ချစ်သူငယ်ချင်းများကို မမေ့နိုင်ပေါင်..ပြောပြချင်နေတာ…။ လုပ်စားစေချင်လို့ပါရှင်။


ကော်ပြန့်လိပ်ပို့ လိုအပ်တဲ့ပစ္စည်းများ
ကြက်သား(သို့) ၀က်သားကို နုပ်နုပ်စင်းပြီးသား ၃၀၀ ဂရမ်၊ ဂဏန်းသား တစ်ထုပ်( အာရှဆိုင်မှာ ၀ယ်လို့ရသည်)၊ ဆန်ကြာဇံတစ်ထုပ်၊ဆန်ကြာဇံမရှိက ရိုးရိုးကြာဇံနဲ့လည်းရတယ်။ ပဲပင်ပေါက် ၅၀ ဂ၇မ်၊ ဂေါ်ဖီထုပ် အနည်းငယ်၊ ကြက်ဥ ၂ လုံး၊ ဆား နှင့် ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်၊ ပဲငပြာရည်အကျဲ၊ ဆီ၊ လိပ်ထားပြီးသား ကော်ပြန့်ရွှက်ထုပ်ကြီး တစ်ထုပ် နှင့် ကော်ပြန့်နှင့်တွဲစားဖို့ ငရုပ်သီးအချဉ်ရည်ပုလင်း တို့ကို ၀ယ်ထားမယ်နော်။


ပြုလုပ်နည်းအဆင့်ဆင့်နော်
ကော်ပြန့်အစာ နယ်ဖို့အတွက် နယ်မည့် ဇလုံကြီးထဲတွင် စင်းပြီးသားကြက်သား(သို့)၀က်သားကို ထည့်မယ်။ စင်းထားပြီးသား မရောင်းပါက ကိုယ်တိုင်စင်းပြီးထည့်နော်။ ဂဏန်းသားကို ပလပ်စတစ်ခွာပြီးလက်လေးနဲ့ အသာလေးချေထည့်မယ်။ ဆန်ကြာဇံကို ရေမနွေးတနွေးနှင့် ၁၀ မိနှစ်ခန့်စိမ်ပြီး စကာနှင့် ပြန်စစ်ထည့်နော်။ မုန်လာဥနီကို အချောင်းသေးသေးလေးဖြစ်အောင်လှီးပြီး ထည့်မယ်။ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ရေပြန်ဆေးပြီးထည့်ပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ထည့်နော်။ ကြက်ဥ ၂လုံးကို ဖေါက်ထည့်မယ်။ ဆားကိုလိုသလောက်ထည့်နော်..မငံစေနဲ့။ ပဲငံပြာရည်အကျဲကိုအနည်းငယ်ထည့်၊ ကြက်သားမှုန့်(သို့) ဟင်းခတ်မှုန့်ကို လိုသလောက်ထည့်ပါ။ အားလုံးထည့်ပြီးပြီဆိုရင် လက်အိပ်စွပ်ပြီး သမအောင်နယ်ထားပေးပါ။ နယ်ထားတဲ့အစာတွေကို ကြော်စရာမလိုဖူးနော်..ဒီတိုင်းအစာသွပ်ရုံပဲ။


ဒါပြီးရင်တော့ စလုပ်ဖို့ ပြင်ဆင်ကြမယ်နော်။ ၀ယ်လာတဲ့ ကော်ပြန့်ရွက်ကြီးကို ဖောက်ပြီး တလွှာပြီးတလွှာ ခွာထာမယ်။ တစ်ယောက်တည်းလုပ်မယ်ဆိုရင် များများမခွာထားနဲ့နော်။ မာသွားမှာဆိုးလို့ပါ။ ခွာလိုက် လိပ်လိုက်လုပ်ပေါ့။ အနားသားကပ်စေဖို့အတွက် ကြက်ဥအကာကို ပန်းကန်းလုံးလေးထဲ ဖောက်ထည့် ထားပါ။ ကော်ပြန့်လိပ်ပြီးတိုင်း နောက်ဆုံးအနားကို ကြက်ဥအကာလေးနဲ့တို့ပြီး ကပ်လိုက်နော်။ကော်ပြန့်ကြော်တော့မယ်ဆိုရင် ဆီကိုများများသုံးဖို့ လိုမယ်။ ကိုယ်လိပ်ထားတဲ့အရွယ်အစားပေါ်မူတည်ပြီး ဆီကိုသုံးရမယ်။ ဆီထဲမှာ ကော်ပြန့်နှစ်နေပြီ ဆိုယုံလောက်ပါ။ ကြော်နေပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ နီမြန်းလာပြီ ဆိုရင် ဆယ်လို့ရပါပြီ။ ဂဏန်းသားထည့်ထားတော့ အနှံ့လေးက မွှေးပြီးစားချင်စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ဂဏန်းသားကို ထည့်ဖြစ်အောင်ထည့်ဖို့မှာလိုက်ချင်တယ်။ သတိထားနော်…ပူနေတုန်း မစားလိုက်နဲ့နော်…။ ကိုယ်ချင်းစာလို့ပါ။ ဂျားမုန်းလုပ်စားတုန်းက ပူနေတာကို မစောင့်နိုင်လို့ စားလိုက်မိတာ….လျှာတခုလုံးပူထူသွားတယ်.. …ဟီး။

ဟော်ဒီမှာ ကော်ပြန့်လိပ်ဖို့ပြင်ဆင်ထားတာပါ။ ကော်ပြန့် အသေးလိပ်ချင်သူများအတွက် ကော်ပြန့်ရွက်ကို ရွက်သေးဖြစ်အောင် ညီညီလေးဖြတ်ပြီး လိပ်နော်။ ဂျာမုန်းက သားလေးအတွက် လိပ်ပေးတာပါ။

ကော်ပြန့်လိပ် ပုံကို ပြထားပေးတာပါ။ ကော်ပြန့်ရွက်ရဲ့ဒေါင့်မှာ အစာထည့်ပြီး အလယ်နား အထိအရင် လိပ်မယ်။ ပြီးရင် အနားနှစ်ဖက်ကို ပြန်ခေါက်မယ်။ ပြီးမှ အပေါ်အဆုံးအထိ ဆက်လိပ်သွားမယ်။ အစွန်းရောက်ရင် ကြက်ဥအကာလေးနဲ့ တို့ပြီးကပ်လိုက်မယ်။

ဒါက အကြီးအသေးလိပ်ထားပုံပါရှင်။ ပန်းပွင့်ပုံစံလည်း လိပ်လို့ရတယ်နော်။

ဒါကတော့..ဂျာမုန်းလိပ်ထားတာမဟုတ်ပါ။ ကော်ပြန့်ရွက်ပေါ်ကပုံကို ပြန်ရိုက်ထားတာပါ။ ဒီလိုအမျိုးမျိုးလုပ်စားနိုင်ကြောင်းပြချင်လို့ပါရှင့်။

ဒါကတော့ ထမင်းပေါင်းပါရှင်။ ကြက်သားနဲ့ မှိုနဲ့နော်။ ကော်ပြန်စားရုံနဲ့ မ၀သူတွေအတွက်နော်။

ကဲ...ဗိုလ်စာစားချင်သူများအတွက်နော်။ ပေါင်မှုန့်လည်း ကင်ပြီသားနော်။ ကြက်ဥဟတ်ဘွယ်၊ ကြက်အူချောင်းနဲ့ ပူတင်းအသားပြားလေးနဲ့နော်။ ကော်ဖီလေးနဲ့သုံးဆောင်သွားပါရှင်။

မိဆွေများအားလုံး ၀လျှင်စွာသုံးဆောင်ပြီးမှပြန်ရမယ်နော်။
ကော်ပြန့်လိပ်လုပ်စားဖြစ်ရင်လည်း စားဖို့အလည်ခေါ်အုံးနော်။
အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

Wednesday, April 14, 2010

သားလေးရဲ့ တိုးတက်မှု (၁၃လ မှ ၁၅လ ထိ)


ချစ်သားလေးအကြောင်းရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာတောင်ကြာရောပေါ့။ မအေက computer ရှေ့ရောက်တာနဲ့ သူလည်းရောက်ပြီးသားဖြစ်နေပြီလေ။ တစ်နေ့တစ်နေ့ သားလေးနဲ့ရန်ဖြစ်နေရတာ အမော…အချိန်ကုန်သွားတာတောင်...မသိဖြစ်နေရပြီကွယ်။....အခုတော့ လူပျိုပေါက်စလေး ဖြစ်နေပါပြီရှင်။ ဒီမှာက..ကလေးကို.မွေးမွေးပြီးချင်း တစ်လတစ်ကြိမ် ကာကွယ်ဆေးသုံးခါထိုးပြီး တစ်နှစ်ပြည့်ပြီးတာနဲ့ ကာကွယ်ဆေးကို တစ်လတစ်ကြိမ် သုံးခါပြန်ထိုးရတယ်။ ကလေးတစ်နှစ်ပြည့်ပြီဆိုတာနဲ့ လူကြီးဖြစ်ပြီ၊ ကလေးမဟုတ်တော့ဘူးတဲ့…လူကြီးစားသမျှအားလုံး အနည်းငယ်ဆီစမ်းပြီးကျွေးဖို့ ဆရာဝန် မှာလိုက်တယ်။ ဒါကြောင့် ဂျာမုန်းလည်း ကိုယ်စားသမျှအစားအစာကိုတော့ အနည်းငယ်စီကျွေးဖြစ်တယ်။ ငရုတ်သီးကလွဲလို့ပေါ့။

သားလေးရဲ့သွားအကြောင်း
အချိန်တွေကြာလာတာနဲ့အမျှ သားလေးရဲ့တိုးတက်မှုတွေကလည်း တစ်ခုပြီးတစ်ခုတိုးလာပြီလေ။ အခုဆို အံသွားတောင်ပေါက်နေပြီ။ ဂျာမုန်းရေတွက်ကြည့်တော့ အပေါ်အောက်အားလုံးပေါင်း ၁၆ ချောင်းပေါက်နေပြီ။ သွားစတင်ပေါက်လာကတည်းက ဆရာဝန်က သွားတိုက်ပေးဖို့မှာလိုက်တော့ ဂျာမုန်း ညတိုင်းသားလေးကို သွားတိုက်ပေးတယ်။ ကလေးဆိုတော့ သွားပွတ်တံကို မိခင်ရဲ့လက်ညိုးမှာစွပ်ပြီး....တိုက်ပေးရတဲ့ဟာမျိုးပါ။...ဒီမှာက..ကလေးသွားပွတ်တံနဲ့ကလေးသွား
တိုက်ဆေးကို....စပါယ်ရှယ်ပြုလုပ်ထားကြတယ်။....ဘာအန္တရာယ်မှမဖြစ်နိုင်ဘူးတဲ့။ အစတော့ဂျာမုန်းလည်း အရမ်းအံ့သြတာပေါ့….ကလေးကို သွားတိုက်ပေးရတယ်ဆိုလို့လေ။ အခုတော့လည်း....အရမ်းကိုကောင်းတဲ့.....လုပ်ရပ်ဖြစ်နေပြီ။ သားကလည်း သွားတိုက်ရတာ ပျော်နေပုံရတယ်။ သွားတိုက်တော့မယ်ဆိုရင် တက်ကြွနေလိုက်တာ။ လသားအရွယ်ကနေ သင်ပေးပြီးသားဖြစ်နေပြီလေ။

သားသားရဲ့အကျင့်စရိုက်နဲ့တိုးတက်မှု
သားလေးရဲ့အကျင့်စရိုက်ကတော့ တနေ့တခြားကို တိုးတက်လာပါပြီ။ ချစ်စရာကောင်းတဲ့ အမှုအရာတွေလုပ်တတ်သလို စိတ်ဆိုးတဲ့အခါမှာလည်း အံ့မခန်းအောင်ပင် လုပ်ပြတတ်သည်။
သားလေးတစ်နှစ်ပြည့်တုန်းက ရပ်နေရင်းလမ်းလျှောက်တတ်လာတယ်။ ဒါပေမယ့် အဲဒီနောက်တော့ လမ်းလျှောက်ရမှာကို ပျင်းနေတယ်။ မအေကမထူပေးတာတောင် ခွေပြီးထိုင်ချလိုက်သေးတယ်။ ခုထိကို.....လမ်းမလျှောက်ချင်သေးဘူးဖြစ်နေတယ်။ ဘာသာစကားကတော့ နားလည်လာသလိုပဲ …ဒါပေမယ့် စကားသုံးမျိုးရောနေတော့ အခက်တွေ့မယ်ထင်တယ်။ မိသားစုနဲ့ဆို ကချင်စကားပြောဖြစ်တယ်။ သူငယ်ချင်းတွေလာလည်ရင် ဗမာစကားပြောကြတယ်။ TV ကြည့်တဲ့အခါတော့ ဂျာမန်လိုကြည့်တယ်ဆိုတော့ သူ့အတွက်ခက်ပြီပေါ့။ ဒါကြောင့် ၁၊ ၂၊ ၃၊ ၄ ကိုသူ့လက်ပေါ်မှာလက်ညိုးထိုးပြီးပြောပြတတ်တယ်။ အသံကို နားထောင်ကြည့်တော့ အိုင်း၊ စ၀ိုင်း၊ ဒရိုင်း ဆိုပြီး ဂျာမန်လိုပဲအသံထွက်လာတယ်။

အစားအသောက်ကလည်း ရှယ်ကိုသောင်းကျန်းနေပြီလေ။ သူအကြိုက်ဆုံးအစားအစာတွေကတော့ ပေါင်မှုန့်၊ ပီဆာ၊ ၀က်အူချောင်းနဲ့ ငှက်ပျောသီးတို့ပါ။ ထမင်းကိုလည်းကြိုက်တယ်။ ဟင်းကောင်းရင်တော့ ရှယ်ကို စားတာလေ။

သားလေးက မနက်စောစောဆိုနို့သောက်တယ်။ နို့သောက်တာတောင် သူ့အိပ်ယာထဲမှာလှဲပြီး ဇိမ်နဲ့သောက်တာ။ နို့သောက်ပြီးပြီဆိုရင် ထပြီး TV ထဖွင့်ပြီးကြည့်နေတတ်တယ်။ ခုကတည်းက သီချင်းကိုခံစားတတ်တယ်။ TV ဖွင့်ရင်တောင် MTV ကိုမှကြိုက်တယ်။ သီချင်းသံကြားတာနဲ့ ကခုန်တော့တာပဲ။ သူအကြိုက်ဆုံးသီချင်က Lady Ga Ga ရဲ့ Bad Romantic သီချင်းပဲ။ သူငိုနေတဲ့အချိန်ု Lady GaGa သီချင်းဖွင့်ပေးလိုက်ရုံပဲ…။ နောက်တစ်ခုက…ကွန်ပျူတာကိုအရမ်းကြိုက်တယ်။ အိမ်က ကွန်ပျူတာဆို ဘယ်အချိန်ပျက်မလဲမသိဘူး..နိပ်တာမှ အဆက်မပြတ်။ ဒါကြောင့် သူ့အဖေက အွန်လိုင်းကနေ သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ ကလေးကွန်ပျူတာကို မှာပေးပြန်တော့..အဲဒီကွန်ပျူတာကို လုံးဝစိတ်မ၀င်စားဘူး….ဂျောင်ထိုးထားလိုက်ရတယ်။
ကဲ...သားသားရဲ့ပုံလေးတွေ ပြန်ကြည့်ကြမယ်နော်။


ဒီပုံလေးက ပြီးခဲ့တဲ့ အက်စ်တာဆန်းဒဲ ကျောင်းပိတ်ရက်မှာ မိသားစုလိုက်Nederland ကိုသွားလည်တုန်းက ရိုက်လာခဲ့တာပါ။ Museum ကန်နားတလျှောက်ကိုလည်ပတ်ပြီးနောက် အမှတ်တရပစ္စည်းအရောင်းဆိုင်ရှေ့က ဖိနပ်ကြီးမှာပါ။ Holland သွားရင် လက်ဆောင်ပစ္စည်းအဖြစ် ဒီဖိနပ် သော့တွဲလေးတွေက အရမ်းကိုနာမည်ကြီးတာလေ။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် တခုခုတော့ဖြစ်မယ်ထင်တယ်။

ဒီပုံက ဂျာမုန်းတို့အိမ်နားက နှင်းတောမှာ ရိုက်ထားတဲ့ပုံပေါ့။ အဲဒီအချိန်က သားလေး တစ်နှစ်နဲ့ ၂လပြည့်ခါနီး အချိန်ဖြစ်တယ်။


ဒီပုံကတော့ အိမ်မှာမျောက်လိုဆော့ရင်းTV ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီး ကနေတဲ့ပုံပါ။ မနိုင်ဘူး။ ၀ိုင်းထိန်းပေးကြပါရှင်။

ဒါကတော့ သားလေးရဲ့အရုပ်နဲ့ ဆော့စရာအချို့ပါ။

ဟော...ဒါပေါ့....သူအဖေ အွန်လိုင်းက မှာပေးတဲ့ ကလေးကွန်ပျူတာဆိုတာလေ။ အခုတော့ပိတ်ပြီး ဂျောင်ထိုးထားတယ်။

ငယ်သာ ငယ်သေးပေမယ့် စတိုင်လ်ကတော့ အပြည့်နဲ့။

မယုံရင် ပုံပြင်လိုမှတ်နော်။ Lady Gaga ရဲ့ သီချင်းကိုထိုင်ကြည့်နေတဲ့ပုံပါရှင်။ MTV မှာ Lady Gaga လာပြီဆိုတာနဲ့ ခေါ်လို့ကို မရတော့ဘူး။ သူ့အဖေ ကျောင်းကပြန်လာတာတောင် မကြိုနိုင်ဘူးလေ။ သီချင်းပြီးသွားမှ ပြေးလာတတ်တယ်။

သားလေးရဲ့အကြောင်းကို ပြောလို့မ၀သေးပေမယ့် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။
ဆက်လက်ပြီး..မိတ်ဆွေများရဲ့ သားသမီးအကြောင်းကိုလည်း ဝေငှဖို့ ဖိတ်ခေါ်ချင်တယ်။
နောက်မှ..ပြန်တွေ့ကြမယ်နော်...ချစ်မိတ်ဆွေအပေါင်းတို့ရေ.......။ စာလုံးပေါင်းအမှားရှိက....ပြင်ပေးကြနော်။
အားလုံးကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်
Type summary here