Thursday, June 18, 2009

မေမေ…..မငိုပါနဲ့တော့


မေမေ…..မငိုပါနဲ့တော့

မေမေ နေ ကောင်းလား၊ သားသားတော့ နေကောင်းပါတယ်။ သားသားလေ အမေ့ဗိုက်ထဲမှာ သန္ဓေစတည်ခဲ့တာ ရက်အနည်းငယ်သာကြာသေးပေမယ့် ခုဆိုရင်တဖြည်းဖြည်းနဲ့ ကြီးထွားလာနေပြီ။

မေမေဟာ သားရဲ့ မိခင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သားသားလေ အရမ်းပျော်တာပဲ။ တကယ်ပါ။ ပြီးတော့ မေမေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နှောင်ဖွဲ့ထားတဲ့ သန္ဓေသားဖြစ်တယ်ဆိုတာ သိလိုက်ရလို့လည်း သားသား ဂုဏ်ယူမိတယ်။ သားဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနဲ့ ရှင်သန်သွားမဲ့ ကလေးတစ်ယောက်ဖြစ်မယ်ဆိုတာကို လုံးဝယုံကြည်ပါတယ်။


မေမေ ……သားသား မေမေ့ဗိုက်ထဲ ရောက်နေတာ တစ်လရှိပြီနော်။ သားရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံးကိုသတိ ထားလာမိတယ်။ ခုချိန်ထိတော့ သားဟာပိစိကွေးလေး ဆိုပေမဲ့ မေမေစောင့်ကြည့်ပါ။ အမေ သားကြောင့် ဘယ်တော့မှ မျက်နှာမငယ်စေရဘူး။ အင်းလေ……သားကသာပျော်နေတာပါ။ မေမေ့ကိုကြည့်ရတာ တစ်ခုခုမှားနေသလိုပဲနော်။ တစ်ခုခုကို စိုးရိန်နေသလိုပဲ။ မေမေ့ကိုကြည့်ပြီး ရင်မောလိုက်တာ။ စိုးလည်းရိမ်မိတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့ မေမေရယ်……….အရာရာဟာ အဆင်ပြေသွားမှာပါ။

မေမေ့ဗိုက်ထဲရောက်နေတာ(၂)လခွဲ တောင်ရှိသွားပြီနော်……။ ခုဆိုရင် လက်နှစ်ဘက်လည်း ထွက်လာပြီမေမေရဲ့။ ဒီလက်တွေနဲ့ ကစားရလို့ အရမ်းပျော်တာပဲ မေမေရယ်….။

ဒီနောက်ပိုင်းတွေမှာ မေမေဘာဖြစ်လို့ အရမ်းငိုနေရတာလဲ။ သားကိုပြောပြလို့ရရင် ပြောပြပါလားမေမေရေ…….ဖေဖေနဲ့ မေမေက တစ်ယောက်နဲ့တစ်ယောက်တွေကြတဲ့အချိန်တိုင်း ဘာဖြစ်လို့ စကားများနေကြတာလဲ။ သားသားမွေးလာမှာကို မလိုလားကြလို့လား…။ ဖေဖေနဲ့မေမေ ဖြစ်စေချင်တဲ့အရာမှန်သမျှကို သားလေးဖြည့်ဆည်းပေးသွားမှာပါ။

အော်……ဘာလိုလိုနဲ့……..(၃)လဆိုတဲ့ အချိန်ကာလဟာ ကုန်ဆုံးသွားခဲ့ပြန်ပြီ။ ဒါပေမဲ့ အမေဟာ အရင်လို ၀မ်းနည်းနေတုန်းပါပဲလား။ ဘာတွေ ဆက်ဖြစ်လာအုံးမလဲဆိုတာကို တွေးမိတိုင်း သားရဲ့ စိတ်တွေ အရမ်းရှုပ်ထွေးနေမိတယ်…မေမေ။ သားက ပျော်နေပေမယ့် မေမေကတော့ ၀မ်းနည်းနေရတယ်နော်။

ဒီအချိန်ဟာ မေမေအိပ်မေကျ အချိန်အဟုတ်ပါဘူး။ ဘာဖြစ်လို့ မေမေ လှဲနေရတာလဲ။ သားမမောသေးဘူး……ထပ်ဆော့ချင်သေးတယ်……မေမေ။ ဟင်း……….ဘာကြီးလဲမေမေ……သားရဲ့အိမ်ထဲကို ၀င်လာတာ။ သားနဲ့ဆော့ဖို့ အရုပ်လေးလားဟင်…..။ ဟာ…….အရုပ်လည်းမဟုတ်ဘူးဘဲ…….။ ဘာပဲဖြစ်ဖြစ် သားရဲ့ အိမ်လေးကိုတော့ မဖျက်ဆီးလိုက်ပါနဲ့။

မေမေ အဲဒါသားရဲ့ လက်တွေလေ…...ကျေးဇူးပြု၍ ရပ်ပါတော့။ သားသားနာလွန်းလို့ပါ။ သားကို ကွယ်ကာပေးပါအုံး မေမေရေ……..ကယ်ပါအုံး။ သားက ပိစိကွေးလေးပဲရှိသေးတာ။ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ….မေမေ။ အား…….အား….သားရဲ့ခြေထောက်တွေတော့ ကျိုးကုန်ပါပြီ။

နောက်ဆိုရင် သား ငြိမ်ငြိမ်လေးပဲ ကစားတော့မယ်။ သားကတိပေးပါတယ်။ မေမေ့လို လူသားတစ်ယောက်က သားသားလို ပိစိကွေးလေးကို ဒီလိုလုပ်တာ အယုံကြည်နိုင်စရာဘဲ။ မေမေရေ……သားတော့ အသက် မရှင်နိုင် တော့ဘူးထင်ပါတယ်။ ကယ်…..ကယ်….ပါ…….အုံး…..အား။

မေမေ ဒီလိုရက်စက်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာ ခုဆို(၁၇)နှစ်တောင်ရှိသွားပြီနော်။ ဒီဆုံးဖြတ်ချက်အပေါ် မေမေနာကျင် ခံစားနေရတုန်းပဲလား။ တိတ်ပါတော့ မေမေရ……သားလေ မေမေ့ကို သိပ်ချစ်တာပဲ။ ကောင်းကင်ဘုံမှာ သခင်ယေရှု နဲ့အတူ သားလေးစောင့်နေတယ်ဆိုတာကို သတိရပေးပါမေမေ……။ မေမေမငိုပါနဲ့တော့နော်………………………………..။


ဒီဆောင်းပါးလေးဟာ ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးပါ။ မနေ့က ကျွန်မ ECCD မဂဇင်းတစ်အုပ်ကိုဖတ်ဖြစ်တော့ ဒီဆောင်းပါးလေးဟာ ကျွန်မရင်ထဲ ဆို့သွားသလိုခံစားရလွန်းတာကြောင့် သူငယ်ချင်းများကို ဖတ်စေချင်တဲ့စိတ်နဲ့ လက်အညောင်းခံပြီး ရေးသားတင်ပြလိုက်တာပါရှင်။

အားလုံးကိုခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

11 comments:

မိုးကောင်းသူ said...

အစ်မ ရင်ထဲတောင် တမျိုးကြီးဖြစ်သွားတယ် ညီမရယ်။

မင်းညို said...

ဟား ဇက်ကေ ကိုယ်စား ရေးတာမှတ်လို့ ဖတ်ရင်းဖတ်ရင်း လန့်လာတာဗျ....။
ဒီစာကို ရေးတဲ့သူ.....အိုင်ဒီယာလေး ကောင်းတယ်ဗျ...။ပြန်ဖော်ပြပေးတဲ့ ဂျာမုန်းဒန်လည်း...စိတ်ကူးကောင်းတယ်ပြောရမယ်...။

မိုးခါး said...

အင်းလေ
ရင်ထဲတမျိုးကြီးပဲ ..
ခံစားရတယ်း(

တောင်ပေါ်သား said...

အမရေ တမျိုးကြီးပဲ ခံစားရပါတယ်.... ဖြစ်လာပြီးမှ ဘာလို့များ ဒီလို လုပ်ရက်ကြပါလိမ့် လောကအပြင်တောင် မထွက်နိုင်ရှာတော့တဲ့ ကလေးငယ်တွေရဲ့ ဘ၀ ဒီလောကမှာ ဘယ်လောက်များ များနေမလဲ စဉ်းစားနေမိတယ်ဗျာ...

လေးစားလျက်
တောင်ပေါ်သား

Unknown said...

တွေးစရာတွေ ရသွားတယ်ဗျာ။
မိဘတွေခမျာလဲ တခြားလူမှုဒုက္ခတွေ ရှိလို့နေပါလိမ့်မယ်။

လပြည့်ရိပ် said...

ကလေးလေးရဲ့ ဘဝကို ဝင်ရောက်ခံစားမိပြီးတော့ ရင်ထဲမှာခံရခက်တဲ့ဝေဒနာကို ခံစားသွားရပါတယ်။ ဖော်ပြပေးတဲ့ အစ်မကိုလည်းကျေးဇူးတင်ပါတယ်။

ခြေလှမ်းသစ် said...

နားလည်သွားပါတယ် အမရေ.... ဒီလို လုပ်ရပ်မျိုးတွေ လူသားတွေမှာ ဆက်လက် ပြီး မရှိနိုင်ဘို့ ၀ိုင်းပြီး ဆုတောင်းပေးကြတာပေါ့

လင်းကြယ်ဖြူ said...

တော်တော်လေးကို တန်ဖိုးရှိပြီး စဉ်းစားစရာတ္ဂေပါတဲ့ စာစုလေးပါပဲ
ကောင်းလိုက်တာခင်ဗျာ...ပညာပေးလေးပါ။
ကျေးဇူးပါ..အခုလို အသိပညာတ္ဂေဖြန့်ဖြူးပေးတာ...

မေသစ္စာမောင် said...

ရေးတဲ့သူရဲ့ Idea လေးကောင်းသလို ဘာသာပြန်ပေးတဲ့ သူကလဲ ထိထိရောက်ရောက် ဘာသာပြန်တတ်တော့ ဖတ်ရတာ ရင်ထဲမှာ တော်တော်လေးခံစားမိပါတယ်။

ဘာသာပြန်ပို့စ်လေးအတွက် ကျေးဇူးနော်။

မိုးစက်အိမ် said...

ကောင်းလိုက်ဘာသာပြန်လေး ဖတ်ရလို.ကျေးဇူးပါအမ...

Anonymous said...

ရင်ထဲ တစ်ဆို့ကြီး ခံစားလိုက်ရတယ် ... ဘာသာပြန်ကောင်းလို့လည်း ရသမြောက်ခဲ့တာပါ ... စာနာနားလည်မှုနဲ့ သန္ဓေသားတွေရဲ့ ဘဝကို ကာကွယ်ပေးသင့်ပါတယ် ..
နေဒေးသစ်။